Friday, May 8, 2015

မြန်မာ အလုပ်သမားစရိတ် သက်သာစေရန် ပြည်ပ အလုပ်အကိုင်ဥပဒေ ပြင်ဆင်ရေးဆွဲမည်

မောင်သင်တုန်း

မြန်မာအလုပ်သမားများ ပြည်ပသွားရောက်ရာတွင် ကုန်ကျစရိတ် လျော့နည်းစေရန်နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး အကာအကွယ် ပေးခြင်းဆိုင်ရာ ကိစ္စများအတွက် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေကိုပြင်ဆင်ရေးဆွဲသွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“မြန်မာအလုပ်သမားများ ပြည်ပကို ထွက်ခွာရာမှာ ကုန်ကျစရိတ် လျော့နည်း သက်သာစေဖို့၊ အထောက်အထားမဲ့ ရွှေ့ပြောင်းသွားလာမှုများလျော့နည်းပပျောက်ဖို့နဲ့ ပိုမိုစနစ်ကျတဲ့ ရွှေ့ပြောင်းသွားလာခြင်းနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ခေတ်နဲ့အညီ ပြင်ဆင်ရေးဆွဲ နိုင်ဖို့လိုပါတယ်” ဟု အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောသည်။

နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ပြုလုပ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတွင် ကျား/မ ကွဲပြားမှုနှင့်ဆိုင်သော အချက်အလက်များ ထည့်သွင်းနိုင်ရန် ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုအပြင် အလုပ်သမားအများဆုံး စေလွှတ်သည့် နိုင်ငံများ၏ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေများကို လေ့လာပြီးမြန်မာအလုပ်သမားများနှင့် သင့်တော်မည့် ဥပဒေအဖြစ် ပြန်လည်ရေးဆွဲရန် UN,INGO,NGO များနှင့် ပူးပေါင်းပြီးဆောင်ရွက်လျက် ရှိသည်ဟုဆိုသည်။

လက်ရှိအနေအထားတွင် မြန်မားနိုင်ငံ၏ လူဦးရေ ၁၀ ရာခိုင်နှုန်းသည် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် နိုင်ငံအသီးသီး သွားရောက် အလုပ်လုပ်ကိုင် နေကြသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ပြင်ဆင်ရေးဆွဲခြင်း ဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံသားများအတွက် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်များ ရရှိရေး၊ လုပ်သားအင်အား စုဆောင်တဲ့နေရာမှာ မှားယွင်းတဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျင့်စဉ်တွေကို တားဆီးနိုင်ရန်ရည်ရွယ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောသည်။

အဆိုပါဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ ကောင်စစ်ဝန်ရေးရာဌာနနှင့် ဥပဒေရေးရာ ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာန၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟုဆိုသည်။

No comments: