Tuesday, August 18, 2015

Air Bagan လေယာဉ်များ ပြေးဆွဲမှု ရပ်နားထား

မေစိုးစံ

ပည်တွင်း ခရီးစဉ်များနှင့် ဒေသတွင်း ခရီးစဉ်များကို Air Bagan လေကြောင်းလိုင်းပိုင် လေယာဉ်နှစ်စီးဖြင့် ပျံသန်းပြေးဆွဲလျက်ရှိရာ တွင် လေယာဉ်တစီးသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ဆက်လက် အသုံးပြုနိုင်ခြင်း မရှိတော့ကြောင်း၊ ကျန်ရှိနေသည့် လေယာဉ်တစီးသည်လည်း ကြံ့ခိုင်မှု စစ်ဆေးရေး လုပ်ဆောင်နိုင်ရန် ရပ်နား လိုက်ခြင်း ဖြစ်ကြောင်း Air Bagan လေကြောင်းလိုင်း၏ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန မန်နေဂျာ ဒေါ်ယဉ်မျိုးက ဧရာဝတီကို ပြောပြသည်။

“ဘယ်ခရီးစဉ်တွေကိုမဆို ခဏ ရပ်နားထားတယ်။ လေယာဉ်ကို ကြံ့ခိုင်စစ်ဆေးရေး(Maintenance) လုပ်ဖို့ ပုံမှန်နားတဲ့ သဘောပါ။ လက်ရှိဘွတ်ကင် တင်ထားတဲ့သူတွေကို အေးရှားဝင်း (Asian Wings) ကနေ တင်ပေးနေတယ်။ အောက်တိုဘာမှာ ပြန်ပြေးဆွဲမယ်။ အဲဒီလ အတွင်းမှာပဲ လေယာဉ် ထပ်ထည့်ဖို့ ရှိပါတယ်”ဟု ဒေါ်ယဉ်မျိုးက ဆိုသည်။

Air Bagan လေကြောင်းလိုင်းက ပြေးဆွဲနေသည့် ဒေသတွင်း ခရီးစဉ် တခုဖြစ်သော ထိုင်းနိုင်ငံရှိ ချင်းမိုင်မြို့သို့ ခရီးစဉ်အား Asian Wings လေကြောင်းလိုင်းပိုင် လေယာဉ်ဖြင့် တပတ်လျှင် ၂ ကြိမ် အစားထိုး ပြေးဆွဲပေးလျက်ရှိနေကြောင်း Air Bagan လေကြောင်း လိုင်း လက်မှတ်အရောင်းဌာနမှ စုံစမ်းသိရှိရသည်။

ယင်းသို့ Air Bagan လေကြောင်းလိုင်း ရပ်နားထားမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်း ၀က်ဘ်ဆိုက်များတွင် Air Bagan လေကြောင်းလိုင်းအား ပြေးဆွဲမှု တနှစ်ရပ်ဆိုင်း ခံရသည်ဟု ရေးသား ပြောဆိုနေကြပြီး ရန်ကုန်လေဆိပ် အတွင်းရှိ Air Bagan လေယာဉ်လက်မှတ် အရောင်းကောင်တာများကိုလည်း ပိတ်ထားနေပြီ ဖြစ်သည်ဟု ဓာတ်ပုံများနှင့်အတူ သတင်းများ ထွက် ပေါ်လျက် ရှိသည်။

ဒေါ်ယဉ်မျိုးကမူ“ဒီသတင်းက မဟုတ်ပါဘူး။ လေယာဉ်ကို ကြံ့ခိုင်စစ်ဆေးရေး လုပ်ဖို့ပဲ။ ဒါက တနှစ်ကို တကြိမ် လေယာဉ်တိုင်း လုပ် ရတဲ့ကိစ္စ၊ ဒါကြောင့် ခဏရပ်တာ။ လေဆိပ်မှာရှိတဲ့ ကောင်တာတွေက လေယာဉ်ပျံသန်းမှု မရှိရင် ပိတ်တယ်။ check in / check out ရှိရင် ပြန်ဖွင့်တယ်၊ ဒါ ပုံမှန်ပဲ၊ ကောင်တာတွေကို ပိတ်ထားတယ်ဆိုတာလည်း လုံးဝ မဟုတ်ပါဘူး”ဟု ပြောဆိုသည်။

Air Bagan လေကြောင်းအား ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းရှိ လေယာဉ်ဆိုက်ကပ်နိုင်သော မြို့ကြီး ၁၆ မြို့ကို အခြေခံကာ လေကြောင်းလိုင်း ခရီးစဉ်များ ပြေးဆွဲပေးနေကြောင်း၊ Air Bagan ၀န်ထမ်းအင်အား စုစုပေါင်း ၅၀၀ ဖြင့် လည်ပတ် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်းလည်း ဒေါ်ယဉ်မျိုးက ပြောပြသည်။

Air Bagan လေကြောင်းလိုင်းမှ လေကြောင်းအင်ဂျင်နီယာ တဦးကလည်း“အခုကြားနေရတဲ့ သတင်းတွေက မဟုတ်ပါဘူး။ ကျနော် တို့တောင် အခုထိ အလုပ်ဆင်းနေရသေးတယ်။ လေယာဉ်က နှစ်စီးပဲရှိတာ အလှည့်ကျ စစ်ဆေးနေတဲ့ သဘောပါ”ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က Air Bagan လေကြောင်းလိုင်းပိုင် ဖော်ကာ လေယာဉ်တစီးသည် မန္တလေးမှ ရှမ်းပြည်နယ် ဟဲဟိုး လေဆိပ်သို့ ပျံသန်းလာစဉ် ဟဲဟိုး လေဆိပ်အနား ချဉ်းကပ်လာချိန် မြူများပိတ်ဆို့နေပြီး ဆင်းသက်ချိန်၌ လျှပ်စစ် မဟာဓာတ်အား လိုင်း ကြိုးများကို ၀င်တိုက်မိ၍ ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

Air Bagan လေကြောင်းသည် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ထူး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ပိုင်ဆိုင်သည့် လေကြောင်းလိုင်း တခုဖြစ်ပြီး အခြားပြည်တွင်း လေကြောင်းလိုင်း တခုဖြစ်သည့် Asian Wings Airways လေကြောင်းလိုင်းတွင်လည်း ရှယ်ယာ များ ထည့်ဝင်ထားကြောင်း သိရသည်။

No comments: