Monday, August 17, 2015

ရှမ်းမြောက်ပိုင်းတွင် အစိုးရတပ် နှင့် ရှမ်းတပ် တိုက်ပွဲကြောင့်ဒေသခံများ စိုးရိမ်နေရ

မဇ္ဈိမ

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်တော် (SSPP/SSA) ဌာနချုပ် အနီးတွင် ရှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့၍ အနီးရှိကျေးသီးမြို့နယ် အတွင်းကျေးရွာ ရှစ်ရွာမှ ဒေသခံများ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က သြဂုတ် ၁၄ရက်က သတင်းထုတ်ပြန်သည်။

ကြူမောက်ခေါဝ် အခြေချ အစိုးရတပ်မတော်က ၁၂၀ မီလီမီတာ ငါးလုံးဖြင့် SSPP ဌာနချုပ် ဝမ်ဟိုင်း၏ မြောက်ဘက် ရှစ်ကီလိုမီတာအကွာကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဝမ်းဟိုင်း အရှေ့ဘက်ရှိ ဝမ်ပန်နားနောင် ၊ဝမ့်နမ့်လင်းလုံ နှင့် ဝမ်နောင်ဟီးအနီး ကျရောက်ခဲ့သည်ဟု ဆိုသည်။

ကျည်များ ကျရောက်မှုကြောင့် ဒေသခံများ ထိခိုက်မှု မရှိသော်လည်း ဒေသခံတို့မှာ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်ဟု ဆိုသည်။ "၂၀၁၁ခုနှစ်အတွင်း SSPP/SSA အားဗမာစစ်တပ်က အပြင်းထန်ဆုံး တိုက်ခိုတ်ပြီးနောက်ပိုင်း ရပ်သူရပ်သားများ၏ အိမ်နီးနားတစ်ဝိုက် ဗုံးကျရောက်ခြင်းကို မကြုံတွေ့ဖူးပေ"ဟု ထုတ်ပြန်ချက်က ဆိုသည်။ ယင်းတိုက်ပွဲသည် သြဂုတ်လ ၇ရက် နံနက်က ဝမ်ဟိုင် တောင်ဘက်တွင် အစိုးရတပ်မတော် နှင့် ရှမ်းတပ်မတော်တို့ လမ်းပေါ်တွင် ရုတ်တရက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် အစိုးရတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

နှစ်ဖက် ဆွေးနွေးဖြေရှင်းရမည့်အစား လက်နက်ကြီးဖြင့် ပစ်ခတ်သည့် လုပ်ရပ်အပေါ် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ရှုံ့ချလိုက်သည်။ ယင်းအပြင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေချိန်တွင် အပစ်ရပ်စာချုပ်ပါ အချက်များကို လေးစားလိုက်နာသင့်ကြောင်းနှင့် ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်ပြီး ပဋိပက္ခနေရာမှ ဆုတ်ခွာသွားရန်လည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က တောင်းဆိုလိုက်သည်။

No comments: