Monday, August 1, 2016

ဖမ်းဆီးခံ ခိုင်မျိုးထွန်းကိစ္စ နယ်လုံဝန်ကြီးနှင့် ALP အကြား ပြေလည်မှု မရ

စံမောင်သန်း၊ စစ်တွေ


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်း ဖမ်းဆီးခံရခြင်း အပေါ် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)မှ ကိုယ်စားလှယ်အဖွဲ့တို့အကြား ယနေ့ ဇူလှိုင် ၂၉ ရက် ညနေ ၃ နာရီက တွေ့ဆုံ ဆွေးနွေး ညှိနိုင်း ခဲ့ကြသော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဇူလိုင်လ ၂၇ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေး ပါတီက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အား ရုတ်သိမ်းခြင်း (သို့မဟုတ်) ပြန်လည် ပြင်ဆင်ခြင်း ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်ဟု တွေ့ဆုံပွဲတွင် ဒုတိယ ခေါင်းဆောင် အဖြစ် တက်ရောက်ခဲ့သူ ALP/ALA မှ ဗိုလ်ကြီး ခိုင်နီလင်းက တွေ့ဆုံအပြီးတွင် ပြောကြားသည်။

“ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ALP ရဲ့ ထုတ်ပြန်ချက်ဟာ ALP နဲ့ အစိုးရအကြား ပူးပေါင်း လုပ်ဆောင်မှု အပေါ် အဟန့်အတား ဖြစ်စေနိုင်တဲ့အတွက် အဒီ ထုတ်ပြန်ချက်ကို ရုတ်သိမ်းပေးဖို့၊ အနည်းဆုံး ပြန်ပြင်ပေးဖို့ နယ်လုံဝန်ကြီးက တောင်းဆိုပါတယ်။ ALP ဘက်က လိုက်လျော့မယ်ဆိုရင် ခိုင်မျိုးထွန်းကို ဖမ်းဆီး အရေးယူထားမှုအပေါ် တရားလမ်းကြောင်းထဲက တတ်နိုင်သလောက် အကူအညီပေးပြီးတော့ အကာကွယ် ပေးမယ်လို့ သူက ကျွန်တော်တို့အဖွဲ့ကို ပြောကြားခဲ့ပါတယ်” ဟု ဗိုလ်ကြီး ခိုင်နီလင်းက မီဒီယာများအား ပြောကြားသည်။

ALP အနေဖြင့် ဇူလှိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ကို ပြန်လည် ရုတ်သိမ်းရန် သော်လည်းကောင်း၊ ပြန်လည် ပြင်ဆင်သော်လည်းကောင်း အစီအစဉ်မရှိဟု ALP ကိုယ်စားလှယ်များက ပြောကြားခဲ့သည်ဟု ဆိုသည်။

“ALP အနေနဲ့ကတော့ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ထုတ်ပြန်ချက်အတိုင်း အကောင်အထည်ဖေါ်သွားမှာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ဆက်လက်ရပ် တည်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောသည်။

ALP ၏ ဇူလိုင်လ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ALP သည် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း၊ ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာ့တပ်မတော်မှ စစ်သည်တစ်ချို့သည် ပြည်သူနှင့်ဆက်ဆံရာတွင် လွန်ကဲဖြစ်ရပ် တစ်ချို့ရှိခဲ့သည်ကို ALP ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ထုတ်ပြန်ချက် ထုတ်ခဲ့ကြောင်း၊ ယင်းအပေါ် အငြိုးထား၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဖမ်းဆီးခြင်းကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီအနေဖြင့် အပြင်းအထန် ရှုံ့ချကြောင်းနှင့် ခိုင်မျိုးထွန်းကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပါရှိသည်။

ဆွေးနွေးပွဲတွင် ALP ကိုယ်စားလှယ်များက ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ပြည်ထောင်စုအစိုးရနှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့တစ်ခုဖြစ်၍ ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ဖမ်းဆီးအရေးယူထားသည့် မသင့်လျော်သဖြင့် ပုဒ်မများကို မည်သို့ဖြေလျော့ပေးနိုင်မည်ကို တင်ပြခဲ့ကြောင်း၊ ယင်းကဲ့သို့ ပုဒ်မတပ် တရားစွဲဆိုခြင်းသည် ငြိမ်းချမ်းရေးကို မလိုလားရာရောက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းသည် ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး သူတာဝန်ယူ ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ ပေါ်တာဆွဲခြင်း၊ ကျေးရွာများကို နှင်ထုတ်ခြင်း၊ ပြည်သူများကို စစ်မြေပြင်သို့ ခေါ်ယူသွားခြင်းနှင့် စစ်သုံ့ပန်းများကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်း စသည့် အချက်များသည် ခိုင်လုံမှု မရှိဟု ဆိုကာ မြန်မာ့ တပ်မတော်ကို အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် တရားစွဲခံထားရသည်။

နောက်တစ်ကြိမ် နှစ်ဘက် ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံရန် သဘော တူညီထားသော်လည်း တွေ့ဆုံမည့်နေ့ရက်ကို အတိအကျ မသိရှိရသေးကြောင်း ဗိုလ်ကြီး ခိုင်နီလင်းက ပြောကြားသည်။

No comments: