Monday, August 1, 2016

မံစီမြို့နယ်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား

Kachinnews


ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ယမန်နေ့၊ ဇူလိုင် ၂၉ ရက် နံနက်ပိုင်း အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ငါးရက်ကြာ မျက်နှာစုံညီ အစည်းအဝေးကို မံစီမြို့ အရှေ့မြောက်ဘက် မိုင် (၃၀)ကျော် အကွာ မိုင်ဂျာယန်မြို့တွင် ပြုလုပ်နေစဉ် အစိုးရတပ်နှင့် KIA နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

အစိုးရ ခမရ (၃၁၉) တပ်သည် KIA တပ်ရင်း (၁၂) တပ်ဖွဲ့များရှိရာ မဂျီဂုန်ကဂျီ (Maji Gung Kaji)၊ ထန်းခက် (Htang Hkyet) ဘက်ကို ဝင်ရောက်လာချိန် KIA တပ် လုံခြုံရေးမိုင်း နှင်းမိရာမှ တိုက်ပွဲ အချိန်တို ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူ က ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောခဲ့သည်။

ရှေ့နေ့ ဇူလိုင် ၂၈ ရက် ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၆)၊ တပ်ရင်း (၂) နယ်မြေ တာမိုးညဲ ဒေသဘက်တွင် အစိုးရတပ်နှင့် KIA တပ် ကြား တိုက်ပွဲ ဖြစ်ခဲ့သည်။

ယနေ့ နောက်ဆုံးနေ့အဖြစ် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ အကြို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ၏ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့တွင် ကျင်းပနေပါသည်။

No comments: