Saturday, October 8, 2016

နိုင်ငံသားများကို ကာကွယ်ပေးရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော်အတည်ပြု

နေဖြိုးဝင်း


နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းကို အောက်တိုဘာ ၇ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြင်ဆင်ချက်တွေနဲ့ အတည်ပြုလိုက်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးအပါအ၀င် ကိုယ်စားလှယ် ၁၂ ဦးရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်ကြားနာပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားပြီးနောက် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်ပါတယ်။

အစီရင်ခံစာမှာ ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ တချို့အချက်တွေကို အမျိုးသားလွှတ်တော် ပြင်ဆင် ဖြည့်စွက်ထားတဲ့ အချက်တွေပါဝင်ပါတယ်။

ပြည်သူ့လွှတ်တော်ကအတည်ပြုပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုထားတဲ့ အချက်တွေထဲမှာ မည်သူ့ကိုမဆို တည်ဆဲဥပဒေနှင့်အညီမှတပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် ကာကွယ်ရမည်။ မည်သူမျှတည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ၀ရမ်းတစုံတရာမရှိဘဲ၊ ပုဂ္ဂိုလ်တဦးနှင့် တဦးကြား တိုက်ရိုက်ပြောကြားခြင်း သို့မဟုတ် ဆက်သွယ်ရေး ပစ္စည်းကိရိယာ တမျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူ နားထောင်ခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် တပ်မတော်သားကိုယ်စားလှယ်က မည်သူမျှသက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုမိန့်နဲ့ နိုင်ငံတော်အကျိုးငှာ ရာထူးတာဝန်တခုခုခန့်အပ်ရန် ကိစ္စရပ်မှတပါး ပြစ်မှုတစ်စုံတစ်ရာ ကျုးလွန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ နိုင်ငံသား တဦးဦးအား လူ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံစောင့် ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ၀င်ရောက်ရှာဖွေသိမ်းဆည်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်းမပြုရဆိုတဲ့ အချက်ဟာ ရာထူးတာဝန်တခုခုခန့်အပ်ဖို့အတွက်ပဲ ခွင့်ပြုထားတဲ့အတွက် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး စုံစမ်းထောက်လှမ်းခြင်း မပြုနိုင်တော့ဘဲ နိုင်ငံတော်လုံခြုံရေးကျိုးပေါက်နိုင်တဲ့ အတွက် ထပ်မံပြင်ဆင်လိုကြောင်း အဆိုပြုခဲ့ပါတယ်။

ပြင်ဆင်အဆိုပြုချက်မှာ တည်ဆဲဥပဒေတရပ်ရပ်မှာ အတိအလင်းခွင့်ပြုထားခြင်း မရှိလျှင် မည်သူမျှသက်ဆိုင် ရာဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုမိန့်မရဘဲ နိုင်ငံသားတဦးဦးအား လူ့ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ၀င်ရောက်ရှာဖွေသိမ်းဆည်းခြင်း သို့မဟုတ် ဖမ်းဆီခြင်း မပြုရလို့ တပ်မတော်သား ကိုယ်စားလှယ်က ပြင်ဆင်အဆိုပြုတာဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်ရဲ့ ပြင်ဆင်အဆိုပြုချက်ကို မဲဆွဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများတဲ့ အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်ကအတည်ပြုလိုက်တဲ့အတွက် ပြည်သူ့လွှတ်တော်ကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။

No comments: