Saturday, October 8, 2016

စာမူခနှင့် လုပ်သက်နစ်နာကြေး ကျပ်သိန်း ၂၀၀ ကျော် အမြန်ရလိုကြောင်း မန္တလေးအလင်း သတင်းစာ ၀န်ထမ်းများဆို

အောင်ကိုဦး

မန္တလေးအလင်း သတင်းစာတိုက်မှ ဝန်ထမ်းများက စာမူခများနှင့် လုပ်သက်နစ်နာကြေး ကျပ်သိန်း ၂၀၀ ကျော် မရှိ သေးခြင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးမီဒီယာစင်တာ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

"ဥပဒေအတိုင်း စနစ်တကျ တောင်းဆိုတယ်။ ညှိုနှိုင်းကြပါတယ်။ ဒါပေမယ့် မန္တလေးအလင်း သတင်းစာတိုက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကို တယ်လီဖုန်းနဲ့ဆက်တယ်။ နောက်ပြီး ပိုင်ရှင်ဦးဇော်မင်းဆီကို အီးမေးပို့တယ်။ ရုံးစာပို့တယ်။ ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး။ အားလုံးပေါင်းရင် ကျပ်သိန်း ၂၀၀ ကျော်ပါတယ် "ဟု မန္တလေးအလင်း သတင်းစာမှ ဒုတိယ သတင်းထောက်ချုပ် ဒေါ်သက်စုအောင်က ပြောသည်။

မန္တလေးအလင်း သတင်းစာကို ၂၀၁၅ခုနှစ်၊ ဇန်နဝါလ ၁၇ ရက်နေ့မှစ၍ The Messenger Media က ထုတ်ဝေ ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ရပ်နားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရပ်နားခဲ့ရာတွင် မန္တလေးအလင်း သတင်းစာတိုက်၌ တာဝန်ထမ်းဆောင်နေသော သတင်းထောက်များ၊ အယ်ဒီတာများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၂၃ ဦးကို နစ်နာကြေး ကျပ် ၁၅၅၃၅၀၀၀ ပေးချေရမည် ဖြစ်သော်လည်း ယနေ့အ ချိန်ထိ ပေးချေခြင်း မရှိသေးကြောင်း ဒေါ်သက်စုအောင်က ဆိုသည်။

ထို့အပြင် စာမူခ အကြွေးကျန်ရှိနေသည်မှာလည်း ကျပ်သိန်း ၁၀၀ ကျော်ရှိပြီး စာမူခများကို သတင်းစာ မရပ်နားမီ တစ်နှစ်နီးပါးခန့်ကပင် ပေးချေရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

"လုပ်သက် နစ်နာကြေးရယ်။ စာမူခတွေရယ် ပေါင်းရင် ကျပ်သိန်း ၂၀၀ ကျော်ပါ။ အမြန်ဆုံး ဖြေရှင်းပေးစေချင်ပါ တယ်" ဟု ဒေါ်သက်စုအောင်ကပြောသည်။

မန္တလေးအလင်း သတင်းစာတိုက်မှ အကြီးတန်း သတင်းထောက် ပီဟိန်းကိုက "ကျွန်တော်တို့ကတော့ ရသင့်ရ ထိုက်တာ ရချင်ပါတယ်။ ရအောင်လို့လည်း သတင်းစာရှင်းလင်း ပွဲလုပ်တာပါ။ အမြန်ဆုံးလည်း ဖြေရှင်းပေစေချင်ပါတယ်"ဟု ပြော သည်။

အကြီးတန်းသတင်းထောက် ဦးသန်းလင်းထူးကလည်း "အမြန်ဆုံးရချင်တယ်။ အခက်အခဲတွေ အများကြီးရှိတယ်"ဟု ပြောသည်။

မန္တလေးအလင်း သတင်းစာတိုက် ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီထံတွင်လည်း တင်ပြထား ပြီး အမြန်ဆုံးညှိုနှိုင်း ဖြေရှင်းပေးရန် လိုလားလျှက်ရှိသည်။

No comments: