Saturday, October 8, 2016

မုံရွာချယ်ရီတည်းခိုခန်းတွင်း အလောင်းပုပ်ပွသေဆုံးမှု နောက်ဆက်တွဲသတင်း

အောင်ကိုလတ်

အောက်တိုဘာ ၈ ရက်နေ့ နေ့လယ် ၃ နာရီလောက်က မုံရွာမြို့၊ ရုံးကြီးရပ်၊ ရုံးကြီးလမ်း၊ ချယ်ရီတည်းခိုခန်း ၅ လွှာ အခန်းအမှတ် ၅၀၆ မှာ ပုပ်ပွအလောင်းဟာ အလောင်းမှာတွေ့ရှိခဲ့တဲ့ မှတ်ပုံတင်ပါ နာမည် သိန်းဆွေ မဟုတ်ဘဲ ကြည်ခိုင်လို့ သိရပါတယ်။

သေဆုံးသူကိုင်ထားတဲ့ မှတ်ပုံတင်ပါ သိန်းဆွေ ဆိုသူမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အုန်းပင်ပေါ်က ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ သေဆုံးသူကိုင်ဆောင်တဲ့ ဖုန်းကို အခြားသူတဦးက ခေါ်လာလို့သိရပါတယ်။

သိန်းဆွေ နဲ့ ကြည်ခိုင်တို့မှာ တရွာတည်းသားတွေ ဖြစ်ပြီး သေဆုံးသူကြည်ခိုင်မှာ နတ်ကတော်လည်းလုပ်ပြီး ချင်းတွင်းမြစ်အထက်ပိုင်းကို စားဆီအရောင်းအဝယ်လုပ်နေတာလို့ သိရပါတယ်။

သေဆုံးသူမှာ အောက်တိုဘာ ၆ ရက်နေ့ကတည်းက လာရောက်တည်းခိုနေထိုင်နေတဲ့ မင်းကင်းမြို့နယ်၊ ယားရွာမှ ကြည်ခိုင် ဆိုသူဖြစ်ပြီး ကုတင်ပေါ်တွင် စောင်ခြုံ၊ ဦးခေါင်း ခေါင်းအုံးဖိ၊ တစောင်းမှောက်အနေအထားဖြင့် ဦးခေါင်းထိပ်ပွင့်ဒဏ်ရာရရှိကာ သေဆုံးနေတာဖြစ်ပါတယ်။

အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ချယ်ရီတည်းခိုခန်းမန်နေဂျာ ဦးသောင်းဌေးရဲ့ပြောကြားချက်အရ သေဆုံးသူက အောက်တိုဘာ ၆ ရက်နေ့က ညနေ ၅နာရီခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့အတူ လာရောက်တည်းခိုခဲ့ပြီး အတူတည်းခိုသူမှာ အောက်တိုဘာ ၇ ရက် နေ့ နေ့လည် ၁၂ ခန့်က ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ ရှာဖွေစစ်ဆေးရာ အိမ်သာနှင့် အုတ်ကန်ကြားတွင် သွေးများစွန်းထင်းလျက် ဆံပင်ကပ်ညိနေတဲ့ အရှည် ၁၈ လက္မခန့် ၃”×၂” သစ်သားချောင်း ၁ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး တရားခံလို့ယူဆရသူကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေ တယ်လို့ မုံရွာ မြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှုးသိန်းဆွေမြင့်က ဒီဗွီဘီကိုပြောပါတယ်။

No comments: