Saturday, October 8, 2016

တပ်မတော်မှ ရွာသူရွာသားများအားစစ်ကြောင်းကြားညှပ်၍ရှေ့တန်းထွက်

ဟွမ်ဟိန်း


သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ် အတွင်း ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း အား အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်စဉ်အတွင်း ဒေသခံများအား တပ်မတော် စစ်ကြောင်းနှင့် အတူ ဒေသအတွင်းသွားလာလှုပ်ရှားစေသည်ဟု မျက်မြင်များက ပြောသည် ။

အောက်တိုဘာ ၁ ရက်နေ့မှစ၍ သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်ခြားတလျှောက် မိုင်းကိုင်၊ သီပေါ၊ ကျောက်မဲမြို့နယ်ကြားဒေသတို့တွင် RCSS/SSA အား အစိုးရတပ်မတော် ထိုးစစ်ဆင် တိုက်ခိုက်ရာ အစိုးရ တပ်မတော်၏ စစ်ကြောင်းများက မိုင်းကိုင်မြို့နယ် တုံလောဝ်ကျေးရွာအုပ်စုဝင် ပန်ပွဲ၊ ကုန်းဆာ၊ နားလွယ်၊ ဖေါင်းဆိုင်စသည့် ကျေးရွာများမှ ရွာခံများအား စစ်ကြောင်းကြားညှပ်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြသည် ။

“ ရွာထဲဝင်လာတာ စစ်သားအယောက် ၃၀ လောက်ရှိမယ်။ ရွာသူရွာသားက ၁၀ ယောက်ကျော်တယ်။ စစ်ကြောင်း ကြားညှပ်ပြီးခေါ် သွားတာ” – ဟု စစ်ဘေးရှောင် ကူညီသူ စိုင်းလျဲန်း က ပြောသည် ။

ရွာခံအကြီးအကဲ တဦးက အခု တပ်မတော်က ဖမ်းသွားတာက – “ တုံလောဝ်ရွာက ၂ ဦးပါတယ်။ ရွာထဲမှာ ဝင်ဖမ်း တာတော့မဟုတ်ဘူး။ RCSS ကို ထိုးစစ်ဆင်တုန်း ဖမ်းသွားတာဖြစ်တယ်။ အများအားဖြင့် RCSS/SSA ထံ အကျင့် စာရိတ္တပြုပြင်သူနဲ့ သူတို့တွေအတွက် ထမင်းဟင်းချက်ပေးတဲ့ သူတွေ ဖြစ်တယ်။ လှုပ်ရှားတဲ့ လမ်းကြောင်း တလျှောက်ကောက်ခေါ်သွားတယ် ပြန်မလွတ်ပေးဘူး” – ဟု သျှမ်းသံတော်ဆင့်ထံ ပြောသည် ။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုး ထားသည့် တပ်ဖွဲ့ ဖြစ်သည့်အားလျော်စွာ မည်သည့်ဘက်က မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အင်အား သုံးဖြေရှင်းသည့်ကိစ္စမဖြစ်သင့်ကြောင်း၊ အပစ်အခတ်ပူးတွဲစောင့်ကြည့်ရေးကော်မတီလည်း ဖွဲ့စည်း ထားပြီးဖြစ်သောကြောင့် ထိုကော်မတီမှတဆင့် နှစ်ဘက်လက်တွဲ ဖြေရှင်းသင့်ကြောင်း မြန်မာ့ငြိမ်း ချမ်းရေးအား ကူညီပံ့ပိုးပေးသည့် ပြည်ထောင်စုအင်တီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည် ။

RCSS/SSA မှ မူးယစ်ဆေးဝါးသုံးစွဲသူများအား မိုင်းကိုင် – သီပေါ ကားလမ်းမပေါ် ရှိ တုံလောဝ်အုပ်စု နှင့် နမ့်လမ်တိုက်နယ် တို့အပေါ် အထိ လာရောက်ဖမ်းဆီးစဉ် မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ် သည့်တပ်မတော်သားတဦးပါ ဖမ်းဆီးသွားသောကြောင့် တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများကပြောသည် ။

No comments: