Tuesday, October 11, 2016

အခြေအနေမငြိမ်မသက်ဖြစ်နေသော မောင်တောခရိုင်သို့ စစ်တွေတက္ကသိုလ်မှဆရာ၊ ဆရာမ ၅ ဦးအား တာဝန်ထမ်းဆောင်ရန် စေလွတ်

မာန်ယုကျော် (ရွှေဝမြေ)


နယ်မြေ မငြိမ်မသက် ဖြစ်နေသည့် မောင်တောခရိုင်သို့ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမ ၅ ဦးအား အဝေးသင်ဘင်္ဂါလီကျောင်းသူ၊ ကျောင်းသားများထံ အနီးကပ်သွားရောက်ပြသရန် စေလွတ်ခြင်းသည် ၀န်ထမ်းများ၏ အသက်အန္တရယ်ကို အထက်အာဏာပိုင်များမှ လုံးဝ လစ်လျူရှူရာရောက်ကြောင်း အမည်မဖော်လိုသည့်ဆရာမတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ အခြေအနေ မငြိမ်မသက် ဖြစ်နေပေမယ့် ဒီကနေ့ ရွှေနဒီအမြန်ယာဉ်နဲ့ ဘူးသီးတောင်ကို လိုက်သွား ရပါတယ်။ မသွားချင်လို့မရဘူး။ မသွားမနေရပါ။ ဘူးသီးတောင်ဆိပ်ကမ်းကို ရောက်တော့ နယ်မြေမငြိမ်မသက်ဖြစ်နေတော့ လာကြိုမယ့်သူတောင်မရှိဘူး” ဟု အဆိုပါဆရာမက နိရဉ္စရာသို့ ပြောသည်။

ယခုသွားရောက်နေကြသည့်ဆရာ၊ ဆရာမများတွင် အင်္ဂလိပ်စာမေဂျာမှ ဆရာမ (၂)ဦး၊ စိတ်ပညာ(Phychology)မေဂျာမှ (၁)ဦး၊ မြန်မာစာမေဂျာမှ (၁)ဦးနှင့် သမိုင်းမေဂျာမှ (၁)ဦးတို့ဖြစ်ကြသည်။

အဆိုပါဆရာ၊ ဆရာမများသည် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ အဝေးသင် ဘင်္ဂါလီကျောင်းသား ၅ ဦးခန့်ကို ယခုကဲ့သို့သွားရောက်သင်ကြားကြရမည်ဟု သိရသည်။

“ဒီလောက်နယ်မြေမငြိမ်မသက်ဖြစ်နေပေမယ့် ဝန်ထမ်းဆိုတော့ မသွားမနေရမို့သွားရတာပါ။ ကြောက်လွန်းလို့ ထမင်းတောင်မစားနိုင်ဘူး ”ဟု ဆရာမတစ်ဦးက ဆိုသည်။

မောင်တောခရိုင်အတွင်း အခြေခံပညာစာသင်ကျောင်းများအားလုံးကို လုံခြုံရေးအခြေအနေအရ ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ရသည့်အပြင် ဆရာ၊ ဆရာမများ၏လုံခြုံရေးကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ တာဝန်မယူနိုင်ဖြစ်နေရချိန်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများမှာ မလုံခြုံသည့်နေရာသို့ ယခုကဲ့သို့သွားရောက်စာသင်နေရမှုမှာ မဖြစ်သင့်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

“Oxford နဲ့ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပညာလိုချင်ရင် ကျောင်းသားက သွားသင်ရတယ်။ ဆရာက လာသင်တယ်လို့မရှိဘူး။ အခုက နာသုံးနာ တောင်မကလို့ အသက်ပါရင်းနေရတဲ့ ဆရာ၊ ဆရာမတွေကို နှလုံးသားနဲ့ကိုယ်ချင်းစာသင့်ပါတယ်”ဟုလည်း တက္ကသိုလ်ဆရာမတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွဋ်အား နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

No comments: