Tuesday, October 11, 2016

မောင်တောတွင် အကြမ်းဖက် တိုက်ခိုက်သူများ လှုပ်ရှားဆဲဟုဆို

ထက်နိုင်ဇော်


ရခိုင်ပြည်နယ်၊ မောင်တော နယ်ခြားစောင့်တပ် တိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော်လည်း အကြမ်းဖက် တိုက်ခိုက်သူများမှာ ယင်းဒေသတွင် လှုပ်ရှားဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် မောင်တော မြို့နယ် ရခိုင် အမျိုးသားပါတီတို့က ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူး ကျော်မြဝင်းက “ဟုတ်ပါတယ်။ မနေ့ကအထိ တပ်မတော် စစ်ကြောင်းနဲ့ ထိတွေ့မှုတွေ ရှိနေတုန်းပါ။ ပြောရရင် ဒီဘက်မှာ ကောလာဟလတွေက အရမ်းများတော့ သတင်းစိစစ်ပြီး လှုပ်ရှားရတာ တော်တော်လည်း ခက်ပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ် ရခိုင်အမျိုးသား ပါတီ ဥက္ကဌ ဦးခိုင်မောင်သန်းကလည်း “သူတို့ (အကြမ်းဖက်သူများ) က ရှိနေတုန်းပဲ။ မောင်တော နယ်ထဲမှာပဲ ရှိသေးတယ်။ ဘင်္ဂါလီရွာတွေကို အခြေပြုပြီး လှုပ်ရှားနေကြတာ။ ကျနော် သတင်းအရဆိုရင် သူတို့အားလုံးက တဖက်နိုင်ငံက RSO ဆီမှာ စစ်သင်တန်း တက်ခဲ့ကြတယ်။ ပြီးတော့ ဒီဘက်မှာ စိမ့်ဝင်ပြီး လှုပ်ရှားနေတာ ကြာပြီ” ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် နယ်စပ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင်လည်း အစိုးရ ထုတ်ဖော်ပြောဆိုခဲ့သည့် လူ ၉၀ ခန့် ဆိုသည်မှာ မဟုတ်ဘဲ အနည်းဆုံး လူ ၃၀၀ ခန့်အထိ ရှိကြောင်း၊ ၄င်းတို့အားလုံးသည် အစုအဖွဲ့အလိုက် အချိန်ကိုက် လှုပ်ရှားခဲ့သည်ဟု ဦးခိုင်မောင်သန်းက ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ် မြို့သူကြီး ကျေးရွာအနီးတွင် တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် အကြမ်းဖက်သူ ၃၀ ခန့်က လက်နက်များဖြင့် ရန်ပြုလာသဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သူများဘက်မှ ၄ ဦး ကျဆုံးပြီး လုပ်သေနတ် တလက်နှင့် ကျည်ဆံတချို့ သိမ်းဆည်း ရမိခဲ့သည်ဟု မောင်တော ရဲစခန်းက ပြောသည်။

အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ပျောက်ဆုံးသွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တဦးကို ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ ဓနိတောအတွင် ပြန်လည် ရှာဖွေ တွေ့ရှိကြောင်းနှင့် ပျောက်ဆုံးသွားသည့် သေနတ်များအနက် M22 သေနတ် တလက်ကို တခြားနေရာတွင် ပြန်လည် တွေ့ရှိခဲ့ရကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင်မူ မောင်တောမြို့ပေါ် အပါအ၀င် ရဲစခန်းက လက်လမ်းမီသည့် နေရာအားလုံးတွင် အခြေအနေများမှာ တည်ငြိမ်လျက် ရှိသည်ဟု သိရသည်။

ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း ပါတီပြောခွင့်ရသူ ဦးဝင်းထိန်က ပြောသည်။

စာမေးပွဲ ရှိသော်လည်း ကျောင်းအားလုံး ပိတ်ရန် ညွှန်ကြားချက်ကြောင်း စာသင်ကျောင်းအားလုံး ပိတ်ထားရပြီး လမ်းပန်း ဆက်သွယ်ရေးမှာလည်း တနေရာနှင့် တနေရာ သွားလာရန် မလွယ်ကူတော့ကြောင်း၊ မြို့ကို တပ်မတော်ကပါ လုံခြုံရေး ယူပေးထားသဖြင့် တည်ငြိမ်မှု ရှိကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

No comments: