Saturday, October 8, 2016

ကချင်ပြည်နယ် ထိုးစစ် ရပ်ရန် အမေရိကန်မှ ကချင် အမျိုးသားများ ဆန္ဒပြ

Kachinnews


မြန်မာ အစိုးရတပ်၏ ကချင်ပြည်နယ် ထိုးစစ် ရပ်တန့်စေရန် အမေရိကန် ရောက် ကချင်အမျိုးသားများမှ အောက်တိုဘာ ၇ ရက်နေ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မြန်မာစံတော်ချိန် အောက်တိုဘာ ၈ ရက် နံနက် ပိုင်းမှာ ဝါရှင်တန် အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ KA ဦးဆောင်ပြီး ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများက “တပ်မတော် ထိုးစစ် အလိုမရှိ၊ လူ့အခွင့်အရေးချိုးဖောက်မှု ချက်ချင်းရပ်၊ လူနေကျေးရွာများကို လက်နက်ကြီးများနှင့် တိုက်ခိုက်မှု ချက်ချင်းရပ်၊ စစ်ဘေးရှောင်များကို ချက်ချင်း ကူညီ” စသဖြင့် ကြွေးကြော်ခဲ့ကြပါသည်။

ထို့အပြင် အချက် ၄ ချက်ကိုလည်း တောင်းဆိုခဲ့ကြသည်။ ၄င်းတို့မှာ ရွေးကောက်ပွဲ မဲဆွယ်စဉ် NLD ကတိ ပေးထားသည့် အတိုင်း အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းကြေငြာပေးရန်၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များကလည်း ထိုကြေငြာချက်ကို ၂၄ နာရီအတွင်း တုံ့ပြန်ပေးရန်၊ တပ်မတော် မှ ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့်၂၀၁၃ ချုပ်ဆိုထားသော စာချုပ်ကို လိုက်နာပေးရန် အပြင် ငြိမ်းချမ်းရေးအတွက် အားလုံး စဉ်ဆက်မပြတ် ဆုတောင်းပေးရန် တို့ ဖြစ်ပါသည်။

အောက်တိုဘာ ၇ ရက် ယမန်နေ့က အစိုးရတပ် နှင့် KIA ကြား ၀ိုင်းမော်မြို့နယ် KIA ဗဟို ဌာနချုပ် နယ်မြေမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး အခြား KIA တပ်မဟာ ၈ မိုးညှင်းမြို့နယ်၊ KIA တပ်မဟာ ၃ မံစီမြို့နယ် နှင့် KIA တပ်မဟာ ၂ ဖားကန့်မြို့နယ် တို့မှာလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယခုလို ပြည်နယ်အနှံ့ တိုက်ပွဲများသည် ကြာသပတေးနေ့ မြစ်ကြီးနားမြို့တွင် ကချင် လူထု ၂ သောင်းကျော် ‘တပ်မတော် ထိုးစစ် ရပ်တန့်ရေး’ ဆန္ဒပြခဲ့သည့် နောက်ရက်မှာပင် ဖြစ်လာခြင်း ဖြစ်သည်။ တပ်မတော် သံချပ်ကာကား၊ အဝေးပစ် လက်နက်ကြီးများ နှင့် စစ်အင်အားများကို လည်း ကချင်ပြည်နယ်သို့ ထပ်၍ ပို့ဆောင်ခဲ့သည်။

No comments: