Saturday, October 8, 2016

တပ်မတော်ထိုးစစ်ရပ်ရန် တိုင်းရင်းသားတပ်ပေါင်းစု တောင်းဆို

ရွှေအောင်


မြန်မာ့တပ်မတော်ရဲ့ တိုင်းရင်းသားနယ်မြေများအတွင်း ထိုးစစ်ဆင်နေမှုကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ တိုက်ပွဲကြောင့်အပြစ်မဲ့ဒေသခံပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်ပါတယ်။

အဖွဲ့ရဲ့ အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်ထဲမှာ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ အဓိက အားဖြင့် မြန်မာ့တပ်မတော်ရဲ့ တိုင်းရင်းသားနယ်များအတွင်း နယ်မြေကျူးကျော်ပြီး ထိုးစစ်ဆင်မှု များကြောင့် ဖြစ်ပေါ်နေရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကချင်ပြည်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်တို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ထောင်ပေါင်းများစွာတို့အနေဖြင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ အိုးအိမ်နှင့်နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့အပြင် တချို့နေရာများမှာ အပြစ်မဲ့ရွာသူရွာသားများ ကလေး သူငယ်များပါမကျန် အသက်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ရေးလေ့လာသူ စာရေးဆရာ သန်းစိုးနိုင်က တပ်မတော်ဟာ အစီအစဉ်တခုနဲ့ စစ်ဆင်ရေး လုပ်တာလို့ ပြောပါတယ်။

“ပြီးခဲ့တဲ့လ ၁၁ ရက်နေ့ ပတ်ဝန်းကျင်မှာ ဗန်းမော်-မြစ်ကြီးနားကားလမ်းမှာ အသွားအလာတွေ ပိတ်ခဲ့ပြီး စစ်ကားအစီး ၂၀၀ လောက် တက်သွားတာ တွေ့ပါတယ်။ အဲ့ဒီ အနေအထားကို ကြည့်လိုက်ရင် ဒါ အစီအစဉ် ရှိရှိ တိုက်တယ်။ နောက်ပြီး အခု ကြားရတဲ့သတင်းအရ အဲ့ဒီဘက်ကို တပ်မ ၂ခု တက်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီဘက်မှာ တိုင်းတပ်တွေနဲ့ ပေါင်းလိုက်လို့ရှိရင် တပ်ရင်းပေါင်း ၄၂ ရင်းလောက် ရှိတယ်လို့ သိရပါတယ်။”

တပ်မတော်ဟာ လတ်တလောမှာ အပစ်ရပ်ထားတဲ့တပ်ဖွဲ့တွေနဲ့ရော အပစ်မရပ်သေးတဲ့ တပ်ဖွဲ့တွေနဲ့ပါ တိုက်နေတာလို့လည်း ပြောပါတယ်။ဒီနေ့ မနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့ကို ဖြတ်သန်းမောင်းနှင်သွားတဲ့ တင့်ကားအုပ်စုကို တွေ့မြင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ဆောင်နေချိန်မှာ တပ်မတော်ဘက်က အခုလို တိုင်းရင်းသားတပ်ဖွဲ့တို့အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာဟာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့အပေါ် ဦးတည်ပြီး စစ်ဆင်ရေးလုပ်နေတာလို့ ကောက်ချက်ချ ပြောဆိုနေကြပါတယ်။

No comments: