ဧရာဝတီ
စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမေရိကန် သမ္မတအိုဘားမားက ၂၀၀၈ ခုနှစ် ကလေးစစ်သားကာကွယ်ရေး ဥပဒေပါ ကလေးစစ်သား အသုံးပြုသည်ဟု စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံအပါအဝင် အစိုးရအချို့ကို အမေရိကန်နိုင်ငံ၏ စစ်ရေးအကူအညီ ရရှိ ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပါအ၀င် ကလေးစစ်သားများ စုဆောင်း အသုံးပြုနေသည့် နိုင်ငံများကို ကူညီရန် ဆုံးဖြတ်လိုက်ခြင်းက ကလေးစစ်သား နှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ ပျက်စီးခြင်း ဖြစ်သော်လည်း မျှော်လင့် မထားသည့် အရာတခု မဟုတ်ကြောင်း နယူးယောက် အခြေစိုက် Human Rights Watch (HRW) အဖွဲ့ကပြောသည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ မြန်မာ၊ အီရတ် နှင့် နိုင်ဂျီးရီးယား နိုင်ငံ ၃ ခုအတွက် စစ်ဘက်ဆိုင်ရာ အကူအညီ တားမြစ်ပိတ်ပင်မှုများ ရှိတော့မည် မဟုတ်ပါ။
အဆိုပါ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယခုလ အစောပိုင်းက အမေရိကန် နိုင်ငံသို့ လာရောက်ခဲ့ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အတားအဆီးဖြစ်စေမည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ ခြင်း ဖြစ်နိုင်ပါသည်။
သို့သော်လည်း အမေရိကန် သံတမန်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို အခြားနိုင်ငံများထက် နိမ့်ကျသော အဆင့်အတန်းဖြင့် အကဲဖြတ်စေလိုသည် သို့မဟုတ် မြန်မာနိုင်ငံ အတွက် ချမှတ်ထားသည့် ကန့်သတ်မှုများကို ပယ်ဖျက်ပေးစေလိုသည် (ဥပမာအားဖြင့် ကလေးစစ်သား ဥပဒေကို လျှော့ပေါ့ ပေးစေလိုသည်) ဟု အတိအကျဖော်ပြခြင်းမျိုး မရှိကြောင်း ပြောကြသည်။
အိုဘားမား၏ ဆုံးဖြတ်ချက်ကို ဝေဖန်သူများက ယခုကဲ့သို့ ဆောင်ရွက်ခြင်းက အသက်မပြည့်သေးသူများကို တိုက်ပွဲဝင် စစ်သားများအဖြစ် ဆက်လက် အသုံးပြုနေသေးသည့် မြန်မာ စစ်တပ်သို့ စစ်ရေးအကူအညီများပေးခြင်းကို ကန့်သတ်ထားသည့် အတားအဆီးများကို ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သွားမည်ဟု ပြောကြသည်။
HRW ၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Jo Becker က ယခုဆုံးဖြတ်ချက်သည် မမျှော်လင့်ထားသည့် အရာ မဟုတ်ကြောင်း ပြောသည်။ “ဒါက အိုဘားမားရဲ့ သက်တမ်း ၂ ခုလုံးမှာ သူလုပ်ခဲ့တာတွေပါပဲ” ဟု Jo Becker က ရေးသားခဲ့သည်။
ကလေးစစ်သား ကာကွယ်ရေး ဥပဒေက ကလေးစစ်သား အသုံးပြုမှုတွင် ညှိစွန်းသော အစိုးရများသို့ အမေရိကန်နိုင်ငံက စစ်ရေးဆိုင်ရာ အကူအညီပေးခြင်းကို တားမြစ်ထားပြီး အိုဘားမား သမ္မတဖြစ်လာပြီး မကြာမီ ၂၀၀၉ ခုနှစ်တွင် စတင် အာဏာသက်ဝင်ခဲ့ခြင်း ဖြစ်သည်။
သမ္မတ၏ လုပ်ပိုင်ခွင့် အရ အိုဘားမားက ဥပဒေတွင် ဖော်ပြထားသည့် အမျိုးသား အကျိုးစီးပွား အရ ဥပဒေသက်ရောက် သည့် နိုင်ငံအများအပြားကို အရေးယူပိတ်ဆို့မှုများ နှစ်စဉ်လျှော့ပေါ့ပေးနိုင်သည်။
ယခုနှစ်တွင် ဆူဒန်၊ ဆီးရီးယား နှင့် ယီမင်နိုင်ငံများတွင်သာ အပြည့်အ၀ ထိန်းချုပ်ကန့်သတ်မှုများ ကျန်ရှိတော့သည်။ ကွန်ဂို၊ ဆိုမာလီယာ၊ တောင်ဆူဒန် နှင့် ရ၀မ်ဒါ ငွေကြေး အထောက်အပံနှင့် လက်နက်ရောင်းချခြင်း မဟုတ်သည့် စစ်ရေးဆိုင်ရာ သင်တန်းများနှင့် ငြိမ်းချမ်းရေး ထိမ်းသိမ်းမှု အကူအညီများ ပေးခွင့်ပြုခဲ့သည်။
မြန်မာ့တပ်မတော်သည် ၂၀၁၁ ခုနှစ်တွင် အာဏာရယူခဲ့သော သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှ စတင်ပြီး ကလေးစစ်သား စုဆောင်းမှုကို ရပ်တန့်ခဲ့ကြောင်း ကြေညာခဲ့ပြီး တပ်တွင်းရှိ ကလေးစစ်သားများကိုလည်း မိဘရပ်ထံ ပြန်လည်အပ်နှံမှုများ ရှိခဲ့သည်။ တပ်မတော်က ကလေး စစ်သားဦးရေ ၅၀၀ ကျော်ကို ပြန်လည်အပ်နှံခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment