Saturday, October 8, 2016

ထိုးစစ်ရပ်ရေး ဆန္ဒပြ ဦးဆောင်သူ အမှုဖွင့်ခံရ

နန်းလွင်နှင်းပွင့်


ကချင်ပြည်နယ်အတွင်း တပ်မတော် ထိုးစစ်ဆင်နေခြင်းများကို ရပ်တန့်ရေး လူထုဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ ကချင်နှစ်ခြင်း ခရစ္စယာန်အတိုင်ပင်ခံ အဖွဲ့ဝင် ဦးလုံဂျုံတူးရော်ကို ငြိမ်းစု/စီ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားသည်ဟု သတင်းရရှိသည်။

ဦးလုံဂျုံတူးရော်ကို တရားလိုအဖြစ် တရားစွဲဆိုထားသည်မှာ မြစ်ကြီးနားမြို့ ရဲစခန်းမှ ရဲမှူးမြင့်သိန်း ဖြစ်သည်ဟု သိရသည်။

တရားစွဲဆိုရခြင်းမှာ အောက်တိုဘာလ ၆ ရက်က တပ်မတော်မှ ထိုးစစ်ဆင် နေခြင်းများ ရပ်တန့်ရန် မြစ်ကြီးနားမြို့အတွင်း လူထု ၂၀၀၀၀ ဝန်းကျင် လမ်းလျှောက် ဆန္ဒပြရာတွင် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့သော်လည်း ရဲစခန်းမှ ခွင့်ပြုချက် ယူမထားသည့် ကြွေးကြော်သံများကို ရွတ်ဆိုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ရဲစခန်းမှ ခွင့်ပြုထားသည့် ကြွေးကြော်သံများမှာ “တပ်မတော် ထိုးစစ်ရပ်ပေးပါ”၊ “နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပေးပါ”၊ “စစ်ရှောင် ဒုက္ခသည်များအား ကူညီပေးပါ” တို့ ဖြစ်သည်ဟု သိရသည်။

ခွင့်ပြုမထားသည့် ကြွေးကြော်သံများမှာ “တပ်မတော်မှ တိုင်းရင်းသူ အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိ အဓမ္မပြုကျင့် သတ်ဖြတ်မှု အလိုမရှိ”၊ “ကချင်ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဒို့အရေး” စသည်တို့ ဖြစ်သည်ဟု သိရသည် ။

ဦးလုံဂျုံတူးရော်ကို အမှုဖွင့်ထားကြောင်း မှတ်တမ်း ပြုလုပ်ထားသည့် မြစ်ကြီးနားမြို့ ရဲစခန်း၏ မှတ်တမ်းစာရွက်တွင် ဦးလုံဂျုံတူးရော်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် တင်ပြစဉ်က တင်ပြထားသည့် လမ်းကြောင်း၊ ကြွေးကြော်သံ၊ ဆိုင်းဘုတ်များကိုသာ အသုံးပြုရန် ရန်ကြီးအောင်ရပ်ကွက် နယ်မြေမှူး ဦးကျော်ဆွေဝင်း၊ မင်းရပ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနောင် တို့က သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိကြောင်း၊ ထို့ကြောင့် ဥပဒေအရ အရေးယူရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် Kachin Woman Union မှ ဒေါ်ခေါန်နန်းက “ခေါင်းဆောင်ကို လာခေါ်ရင်တော့ သူတယောက်တည်း သွားခွင့်မပေးဘူး။ ကျမတို့ အားလုံးလည်း လိုက်မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ပြောသည်။

ဒေါ်ခေါန်နန်းက ဦးလုံဂျုံတူးရော်ကို တရားစွဲဆိုသည်မှာ ဆန္ဒပြသူများ ကြွေးကြော်ခဲ့ကြသည့် “တပ်မတော်မှ တိုင်းရင်းသူ အမျိုးသမီးများအား ရည်ရွယ်ချက် ရှိရှိ အဓမ္မပြုကျင့်သတ်ဖျက်မှု အလိုမရှိ” ဟူသည့် စကားစုကို အာဏာပိုင်များဘက်မှ အဓိက သဘောမကျခြင်း ဖြစ်သည်ဟု သိရှိကြောင်းလည်း ပြောသည်။

ဦးလုံဂျုံတူးရော်ကို တရားစွဲဆိုထားသည့် ငြိမ်းစု/စီ ဥပဒေပုဒ်မ ၂၀ မှာ အရေးပေါ် စီမံအက်ဥပဒေ ဖြစ်ပြီး အဆိုပါ ဥပဒေမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အောက်တိုဘာလ ၅ ရက်တွင် ပယ်ဖျက်လိုက်ပြီး ဖြစ်သဖြင့် အမှုကို မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို မသိရှိသေးကြောင်း ဒေါ်ခေါနန်နန်းက ပြောသည်။

ဆန္ဒပြပွဲကျင်းပစဉ်က ဦးဆောင်သူများထဲတွင် ဦးလုံဂျုံတူးရော် အပါအဝင် ကချင်ဘာသာရေး အသင်းတော်များ၊ ကချင်အမျိုးသမီး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ခဲ့သည်။

လက်ရှိတွင် ရဲစခန်း၏ မှတ်တမ်းတွင် ဦးလုံဂျုံတူးရော်ကို တရားခံအဖြစ် သတ်မှတ်ထားပြီး ဖမ်းဆီးရန်လည်း ရေးသားထားသည်ကို တွေ့ရသည်။

ဦးလုံဂျုံတူးရော် ဦးဆောင်သည့် ကချင်တိုင်းရင်းသားပေါင်းစုံ ၂၀၀၀၀ ဝန်းကျင်မှာ သြဂုတ်လမှစ၍ ယနေ့ အထိ ကချင်ပြည်နယ် အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသခံများ ရှိရာ နေရာများတွင် တပ်မတော်မှ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် ရပ်တန့်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆန္ဒပြပွဲကို အောက်တိုဘာလ ၃ ရက်တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ရိုးရာ မနောကွင်းတွင် လူထု အင်အား ၁၀၀၀၀ ဝန်းကျင်ဖြင့် ဆုတောင်းပွဲ တကြိမ်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်တွင် မြို့ပတ်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments: