Friday, October 7, 2016

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို အမှုစတင်စစ်ဆေးရန် ရက်ရွှေ့ဆိုင်းထား

စိုးသူအောင်

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသော အင်းဝစက်ချုပ်ဆိုင်က ၆ ဦးကို တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း အင်းဝအပ်ချုပ်ဆိုင်ဘက်မှ ရှေ့နေမစုံသောကြောင့် အောက်တိုဘာ ၁၃ရက်တွင် စတင်စစ်ဆေးရန် ရက်ရွေ့ထားကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ဆယ်ကျော်သက် အိမ်အကူ မိန်းကလေးနှစ်ဦးကို နှိပ်စက်မှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၆ ဦးကို တရားစွဲထားသည့် ပုဒ်မ ထဲတွင် လူကုန်ကူးမှု ပုဒ်မ ၂၉ ပါသောကြောင့် စွပ်စွဲခံရသူဘက်မှ ရှေ့နေမစုံပါက စစ်၍ မရကြောင်း အဆိုပါတရားရုံးမှ သိရသည်။

“ အခုလိုမျိုး ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အမှုမျိုးမှာ သူတို့ကိုယ်တိုင်မငှားနိုင်ဘူး ဆင်းရဲနွမ်းပါးတယ် ဆို ရင် နိုင်ငံတော်ကနေပြီး ဥပဒေအရ မဖြစ်မနေ ရှေ့နေငှားပေးရတယ်။ ငှားပေးပြီး ရှေ့နေတွေ စုံတော့မှ ဒီအမှုက ဆက်လက် စစ်ဆေးလို့ရမယ်။ တစ်ယောက်ကို ရှေ့နေတစ်ယောက် ငှားလို့ရတယ်အားလုံးပေါင်းပြီးတော့လည်း ငှားလို့ရတယ် " လို့ ဦးကိုလတ်နှင့် ကိုတင်မင်းလတ် တို့ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသည့် တရားလွှတ် တော်ရှေ့နေ ဦးမျိုးညွန့် ကပြောသည်။

ယနေ့ အောက်တိုဘာ ၆ ရက်နေ့ တတိယ အကြိမ်ရုံးချိန်းတွင် စတင်စစ်ဆေးရန် ရည်ရွယ်ထားသော်လည်း ပြစ် မှု ကျူးလွန်သူများ ဖြစ်သည့် ဦးကိုလတ်၊ ကိုတင်မင်းလတ်နှင့် မသီရိလတ် တို့သာ ရှေ့နေရှိနေပြီး ဒေါ်တင်သူ ဇာ၊ မစုမွန်လတ်နှင့် ကိုရာဇာထွန်းတို့မှာ ရှေ့နေငှားနေဆဲ ဖြစ်သောကြောင့် စစ်ဆေးနိုင်ခြင်းမရှိသေးခြင်း ဖြစ် သည်။

အောက်တိုဘာ ၁၃ ရက် ၁၀ နာရီခွဲ တွင် အဆိုပါ ၆ ဦးကို စတင်စစ်ဆေးရန် ရွေ့ဆိုင်းထားပြီး အမှုကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးမည်ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ သိရသည်။

လူကုန် ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် ဦးစွာအမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။

အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်များ ထဲမှ အသက် (၅၇) နှစ်အရွယ် အိမ်ရှင် ဒေါ်တင်သူဇာကို စက်တင်ဘာ ၂၀ ရက် တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ဦးကိုလတ်၊ သားဖြစ်သူ အသက် (၃၇) နှစ်အရွယ် တင်မင်းလတ် ၊ စုမွန်လတ် ကို စက်တင်ဘာ ၂၁ ရက်တွင်ဖမ်းဆီးခဲ့သည်။

ပြစ်မှုကျူးလွန်သူ ရာဇာထွန်းကို စက်တင်ဘာ ၂၃ ရက် နှင့် မသီရိလတ်ကို စက်တင်ဘာ ၂၈ ရက်တွင် အသီးသီး ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကပါ တရားလို ပြုလုပ်၍ ကလေး သူငယ်ပုဒ်မ ၆၆(ဃ) ထပ်မံအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

No comments: