Friday, October 7, 2016

လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲနေသည့် ရပ်ကျေးဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူမည်

နေဖြိုးဝင်း


လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲနေတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ခံယူမယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံ စာဖတ်ကြားခဲ့ပါတယ်။

“ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေနဲ့ အမျိုးသားလွှတ်တော်က ပြန်လည်စိစစ်ပြီး ပြင်ဆင်ချက်တွေမှာ သဘောမတူကွဲလွဲတဲ့ အချက် ၁၀ ချက်ရှိပါတယ်။ ဒီသဘောမတူ ကွဲလွဲနေတဲ့အချက်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအဆုံးအဖြတ် ခံယူသင့်တယ်လို့” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီဝင် ဦးအောင်ကြည်ညွန့်က အဆိုပြုတင်ပြခဲ့ပါတယ်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက်တွေထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခံမယ့်သူရဲ့ ပညာအရည်အချင်းသတ်မှတ်ချက်၊ အုပ်ချုပ်ရေးမှူးရွေးချယ်ခံမယ့်သူဟာ အငြိမ်းစားဝန်ထမ်းဖြစ်ရင် ရပ်ကွက် သို့မဟုတ် ကျေးရွာမှာ နေထိုင်တဲ့ကာလသတ်မှတ်ချက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တာဝန်က ရပ်ဆိုင်းခံရတာဖြစ်စေ၊ နုတ်ထွက်သွားတာဖြစ်စေ၊ ကွယ်လွန်တာဖြစ်စေ၊ အခြားအကြောင်းကြောင့် လစ်လပ်သွားရင် ပြန်လည်တာဝန်ပေး ဖို့အချက်တွေ ပါဝင်ပါတယ်။

ဧည့်စာရင်းတိုင်ရမယ့်အချက်ကိုတော့ ပြည်သူ့လွှတ်တော်လွှတ်တော်က အတည်ပြုထားတဲ့ တလ သို့မဟုတ် တလထက်ကျော်လွန်နေထိုင်ရင် သက်ဆိုင်ရာကို အသိပေးအကြောင်းကြားရမယ်ဆိုတဲ့အတိုင်း အမျိုးသားလွှတ်တော်က သဘောတူခဲ့ပါတယ်။

No comments: