Tuesday, October 11, 2016

ကချင် ထိုးစစ် ရပ်တန့်ရန် ချင်းမိုင် မြန်မာ ကောင်စစ်ဝန် ရုံး ရှေ့ ဆန္ဒပြ

Kachinnews


တပ်မတော် ထိုးစစ်ရပ်ရေး ထိုင်းနိုင်ငံ ကချင်အမျိုးသားများ ယနေ့ ချင်းမိုင် မြန်မာ ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြသည်။

ထိုင်းနိုင်ငံအချိန် ၁၀ နာရီ မှ ၁၁ နာရီအထိ လူထု အင်အား ၆၀ ခန့် နှင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သဘောထား ထုတ်ပြန်ချက်ကိုလည်း ဖတ်ကြားခဲ့သည်။

ဆန္ဒထုတ်ဖော်သူများက “ကချင်ပြည်နယ်၌ အစိုးရစစ်တပ်၏ ထိုးစစ်ချက်ချင်းရပ်၊ ပြည်သူလူထုအား သတ်ဖြတ်မှု ချက်ချင်းရပ်၊ စစ်ပြေးဒုက္ခသည်များအတွက် ကူညီထောက်ပံ့ပေးသော စားနပ်ရိက္ခာများအား ပိတ်ပင်ဟန့်တားမှု မပြုရ၊ လက်နက်ကြီးများ ရွာကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှု ချက်ချင်းရပ်” စသဖြင့် ကြွေးကြော်ခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၁ ရက်နေ့ ရှမ်းမြောက် ပူဝမ် ကျေးရွာမှာ အစိုးရတပ် လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်နှင့် အခြား ဒဏ်ရာပြင်းထန်ခဲ့သည့် ကလေး ၂ ယောက် ကိစ္စကိုလည်း အစိုးရမှ တာဝန်ယူ ဖြေရှင်းပေးရန် တောင်းဆို ခဲ့ကြသည်။

ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဦး ဟောင်ဟောင်း က စစ်ပြေးဒုက္ခသည်များ၏ စားနပ်ရိက္ခာ ဟန့်တားပိတ်စို့ နေမှုကို မလုပ်ရန် အထူး တောင်းဆိုခဲ့သည်။

“စစ်တပ်အနေနဲ့ရော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေနဲ ရော အခု ငြိမ်းချမ်းရေး အောင်မြင်ဖို့ စစ်ပြေးရှောင် ဒုက္ခသည်များအတွက် ရိက္ခာပိတ်စို့နေမှုများ မလုပ်ရန် တောင်းဆိုလိုပါတယ်။ ဒုက္ခရောက်တာက ကလေးလူငယ်တွေ အဘိုး အဘွားကြီးတွေ ဒုက္ခသည် စခန်းထဲမှ ထမင်း ငတ်ပြီး နေနေရတယ်။ အဲဒါကြောင့် အဲဒါကို အမြန်ဆုံး ရပ်တန့်ပေးဖို့ လာတောင်းဆိုခြင်း ဖြစ်ပါတယ်”

ဆန္ဒထုတ်ဖော်သည့် သဘောထား ထုတ်ပြန်ချက်ကို ချင်းမိုင် ကောင်စစ်ဝန်တာဝန်ရှိသူများ ထွက်ယူခဲ့ခြင်း မရှိသောကြောင့် ရုံးရှေ့ စာတိုက်သေတ္တာ ၌ သာ မြန်မာဘာသာ နှင့် ထိုင်းဘာသာ နှစ်ခုဖြင့် ထည့်သွင်း ပေးခဲ့သည်။

ယခုလို ပြည်ပ ကချင်အမျိုးသားများ အစိုးရထိုးစစ် ရပ်တန့်ရေး ဆန္ဒထုတ်ဖော်နေချိန် တစ်ဖက်မှာလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် နယ်မြေ Nhkram Bum Gidon စခန်းကို ယနေ့ မနက်က စပြီး ဂျက်တိုက်လေယာဉ် ၅ စီး နှင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း KIA ရှေ့တန်းက ပြောနေပါသည်။

ထို့အတူ လက်နက်ကြီး ပစ်ခတ်မှုမှာ ယခင် ရက်နှင့်မတူ ယနေ့မှာ KIA စခန်းများကို အဆက်မပြတ် ပစ်ခတ်နေသည်ဟု ပြောပါသည်

No comments: