Tuesday, October 25, 2016

စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများနှင့် ငွေကြေးထောက်ပံ့ကူညီသူတစ်ဦးဖမ်းမိ

စိုးသူအောင်


မောင်တောမြို့တွင် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်သူ ၄ ဦး နှင့် ငွေကြေးထောက်ပံ့ကူညီ တစ်ဦးကိုဖမ်းစီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။

အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီခန့် တွင် သတင်းအရ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ဆွေယောဒူရီ(ဘ)အုံမော်အာသစ်၊ ဂူရာများ(ဘ)ကော်ရုံဂူလာ၊ MV ကော်မော်ရီဒိန် (ဘ)မာမတ်နှင့် မာမက်ဒူလာ (ဘ)အဒူဝါဆေး တို့လေးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလားတူ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတဦးရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေကို ငွေကြေးထောက်ပံ့ ကူညီအားပေးတဲ့ မောင်တောမြို့၊ မြို့မတောင်(၂)ရပ်ကွက်နေ မောင်မောင်စိန်(ဘ) အော်ဇီအူလာကို ယမန်နေ့ မနက် ၁၁ နာရီလောက်က တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ၄င်းရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးရ မိခဲ့တယ်လို့ သတင်းမှာ ဖြော်ပထားသည်။

အောက်တိုဘာ ၂၄ ရက်ထိ မောင်တော စီးနင်းတိုက်ခိုက်မှု နှင့် ပတ်သက်ပြီး ဖမ်းမိထားသူအယောက် ၅၅ ဦး ခန့်ရှိသွားပြီဖြစ်သည်။

ညနေ ၄ နာရီခွဲခန့်တွင် ဝါးပိတ်ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းရာ လူမနေသောအိမ်အတွင်းရှိ ကွမ်းသီးပင်နှင့် ခြံစည်းရိုးကြား၌ မြွေရေခွံအိတ်ဖြင့်ထည့်ထားသည့် အမ်အေ-၁၁ တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ၄င်းကျည် ၂၅ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါလက်နက်မှာ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်းများအား အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ စီးနင်းတိုက်ခိုက်စဉ် ၄င်းတို့နောက်သို့ ပါရှိသွားသော လက်နက်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြချက်အရ သိရသည်။

အောက်တိုဘာ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲဌာနချူပ် လက်နက်တိုက် စီးနင်းခံရပြီးနောက် လက်နက်မျိုးစုံ ၆၄ လက် နှင့် ကျည် ၁၀၁၄၀ တောင့် ဆုံးရှုံးခဲ့ပြီး ရဲအရာရှိနှင့် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြသည်။

ဆုံးရှုံးသွားသည့် လက်နက်များမှ ၁၃ လက်ကို ပြန်လည် ရရှိထားပြီး ဖြစ်ကာ အားလုံး ပြန်လည်ရရှိရေးနှင့် အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ရေး မောင်တောခရိုင်တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေနေပြီး စစ်ဆင်ရေး ပြုလုပ်နေခြင်း ဖြစ်သည်။

No comments: