Tuesday, October 11, 2016

ငလျင်လှုပ်လျှင် လူနေထူထပ်သည့် ရန်ကုန်၊ မန္တလေး ဆုံးရှုံးမှုများနိုင်

အောင်ဆန်းဦး


စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ငလျင်လှုပ်ခတ်ခဲ့မယ်ဆိုရင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်နိုင်တယ်လို့ ငလျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက ပြတ်ရွေ့ကြောကြောင့် မြေငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်လာပါက လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ထိခိုက်ဆုံရှုံးမှု အများဆုံး ဖြစ်ပေါ်နိုင်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး မြေငလျင်ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အက်ရှင်အေ့ဒ်မြန်မာအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့၊ အမ်စီစီခန်းမမှာ ကျင်းပတဲ့ မြေငလျင်ဆိုင်ရာဖိုရမ်မှာ အက်ရှင်အေ့ဒ်မြန်မာရဲ့ အစီအစဉ်အကြံပေး ဦးသူရထွန်းက ပြောဆိုခဲ့တာပါ။

“ဒီမြို့တွေကို အခြေခံပြီး နှိုင်းယှဉ်ကြည့်ရင် မန္တလေး၊ ရန်ကုန်က လူနေထူထပ်မှု အများဆုံးနေရာတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်ပေါ့။ လူဦးရေ ၅ သန်း၊ သို့မဟုတ် ၅ သန်းကျော် နေထိုင်လျက်ရှိတယ်။ ဆိုတော့ ငလျင် ရစ်ခ်ျတာစကေား ၇ လောက် လှုပ်ပြီဆိုတာနဲ့ အထူးသဖြင့် မြို့ပြမှာ သိပ်သည်းဆအများဆုံးဖြစ်တဲ့ ရန်ကုန်က ထိခိုက်မှုအများဆုံးဖြစ်မယ်လို့ ကျနော်တို့က ကြိုတင်တွက်ဆထားပါတယ်။”

ရန်ကုန်မြို့ဟာ မြေငလျင်အန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပေါ်နိုင်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မြေငလျင်အန္တရာယ် ကာကွယ်ရေးနဲ့ အဆောက်အအုံတွေ ကြိုတင်စီစဉ်ထားသင့်တယ်လို့လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ထောက်ပြပြောဆိုထားပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အနာဂတ်ကာလ ရန်ကုန်မြို့တော်အတွက် City Plan ရေးဆွဲနေပါတယ်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း စီအီးစီ ဦးစောထွေးဇော်က “အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း အဲဒီနေရာတွေနဲ့ပတ်သက်လို့ ဒီလို နားခိုနိုင်တဲ့နေရာမျိုး ရှိဖို့လိုတယ်။ နောက်ပြီးတော့ ဒီလို အရေးပေါ်ကုသနိုင်တဲ့နေရာမျိုး ရှိဖို့လိုတယ်။ အဲလိုနေရာတွေကို ရှိတယ်ဆိုတာလည်း လူတွေကို သိထားဖို့လိုသလို အဲဒီနေရာတွေကလည်း အရေးပေါ်အခြေအနေတွေဘက်ကို ကြိုတင်ပြင်ဆင်ထားဖို့တွေ လိုပါတယ်။ အဲဒါမျိုးတွေက ကျနော်တို့က အခုလို Town Planning လုပ်တဲ့အချိန်မှာ၊ မြို့ကိုချဲ့တဲ့အချိန်မှာ ဒါတွေကို အများကြီးထည့်ပြီး စဉ်းစားဖို့ လိုပါတယ်” လို့ ပြောပါတယ်။

မြေငလျင်အန္တရာယ်နဲ့ပတ်သက်ပြီး အများပြည်သူမပြောနဲ့၊ မိမိကိုယ်တိုင်ပင် သိရှိလိုက်နာဖို့ အားနည်းနေသေးတယ်လို့ မြေငလျင်ဆိုင်ရာဖိုရမ်ကို တက်ရောက်လာတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ အလေ့အကျင့်မရှိဘူး ကျနော်တို့ကိုယ်တိုင်။ အဲဒီတော့ အလေ့အကျင့်ရှိမှ ဖြစ်မယ်။ တကယ်တမ်းဆို ကျနော်တို့ ပြေးဆင်းရမယ်။ ကွင်းပြင်ဘက်၊ လွတ်တဲ့နေရာကို ရောက်အောင် ပြေးဆင်းရမယ်။ မိနစ်ပိုင်းတောင် မကြာဘူး။ ကျနော်တို့ မလုပ်ဖြစ်ခဲ့ဘူး။”

သဘာဝဘေးအန္တရာယ်တွေထဲမှာ မြေငလျင်အန္တရာယ်ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်နေပြီး ပြည်သူလူထုတွေအနေနဲ့လည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ မြေငလျင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက အဆောက်အအုံအများစုဟာ အင်အားပြင်းငလျင် ဖြစ်ပွားခဲ့မယ်ဆိုရင် ခံနိုင်ရည်ရှိတဲ့ အခြေအနေမှာ ရှိမနေဘူးလို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

No comments: