Tuesday, October 11, 2016

မောင်တော တိုက်ခိုက်ခံရမှု “လုံခြုံရေး” အားနည်းခဲ့ကြောင်း ရဲချုပ်ဝန်ခံ

ထက်နိုင်ဇော်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် “လှည့်ကင်း” နှင့် “ကင်းပုန်း” များကို အသင့်အနေအထား မဆောင်ရွက်နိုင်ခဲ့သဖြင့် အလစ်အငိုက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

“နေရာတွေအကုန်လုံးမှာ လုံခြုံရေးရှိသော်လည်း ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် လှည့်ကင်းတွေ ကင်းပုန်းတွေနဲ့ အသင့်အနေအထားဖြစ်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက အောက်တိုဘာ ၉ ရက် ညပိုင်း နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်တပ် လုံခြုံရေးဌာနများကို အကြမ်းဖက်အဖွဲ့အစည်းတခုက နံနက် ၁ နာရီမှ ၄ နာရီအတွင်း လူ ၉၀ ခန့်က တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီခွဲခန့်က မောင်တောမြို့နယ် ကျီးကန်ပြင်ကွပ်ကဲမှုဌာနချုပ် ၀င်၊ ထွက် ဂိတ် (၁) ကင်းရုံအနီးသို့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၀ ဦးခန့်က ချဉ်းကပ်ခဲ့ပြီး ဂိတ်တာဝန်ကျ တပ်ဖွဲ့ဝင်တဦးသူအား ဓါးဖြင့်ဝင်ရောက်ခုတ်သဖြင့် ကင်းရုံအတွင်းရှိ ရဲတပ်ဖွဲ့ဝင် ၆ ဦးက ပြန်လည်ပစ်ခတ်ခဲ့ရာမှ နယ်စပ်ချိုးဖောက် စီးနင်းခံရခြင်းကို စတင်သိရှိခြင်းဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက မီဒီယာများကို ပြောသည်။

၁ နာရီအကြာ အပြန်အလှန် ပစ်ခတ်တိုက်ခတ်ပြီးနောက် နံနက် ၄ နာရီခန့်တွင် အကြမ်းဖက်တိုက်ခိုက်သူများ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် ထိုဖြစ်စဉ်ကြောင့် မြန်မာဘက်မှ ကျဆုံးသူ ၉ ဦး ရှိခဲ့ပြီး၊ လက်နက်တိုက်မှ လက်နက် ၅၁ လက်နှင့် ခဲယမ်းတောင့် ၁၀,၁၄၀ ပျောက်ဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများဘက်မှ ၈ ဦးကို အသေရပြီး ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုလူများသည် မည်သည့်အရပ်မှလာပြီး မည်သူများဖြစ်သည်ကို ပြောကြားနိုင်ခြင်းမရှိဘဲ၊ တိုက်ခိုက်လာသည့် အကြမ်းဖက်အဖွဲ့အစည်းက မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို အတည်ပြုရန် ကြိုးစားနေဆဲဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက ဆက်ပြောသည်။

နောက်ဆုံးရသတင်းများအရ ယခုအခါ မောင်တောခရိုင်တခုလုံးကို ညမထွက်ရအမိန့် ပုဒ်မ ၁၁၄ ထုတ်ပြန်ထားပြီး ညမထွက်ရ အမိန့်ကို ည ၇ နာရီမှ နံနက် ၆ နာရီ အထိ တိုးမြင့်ထားကြောင်းနှင့် စာသင်ကျောင်း ၄၀၀ ကျော်ကို ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။

ရဲချုပ်ဇော်ဝင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ လုံခြုံရေးအင်အားများအနက် ရခိုင်ပြည်နယ်သို့ အထူးအလေးထား၍ ရဲအင်အားအများဆုံး ပေးထားကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးလုပ်ရမည့် နယ်မြေနှင့် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး ရှိရမည့်နယ်မြေဟူ၍ ၂ မျိုး ရှိလာပြီဖြစ်ကြောင်း မီဒီယာများကို ပြောသည်။

“စစ်ဆင်ရေးလုပ်ရမယ့် ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးနဲ့တရားဥပဒေ စိုးမိုးရေးလုပ်ရမယ့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီးနောက်ပိုင်း ဒီထက်ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး အစီအမံတွေကို လုပ်ဆောင်နေပြီ။ အခုလည်း ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး တပ်ရွှေ့တဲ့အဆင့်အထိ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အစည်းအဝေးတခုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး နေပြည်တော်တွင် အစည်းအဝေးတရပ် ကျင်းပခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၏ သဘောသဘာဝအရ ပဋိပက္ခပိုမို ကြီးထွားလာမှု မရှိစေရန် အစိုးရက ကြိုးစားလျက်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးဖေမြင့်က မီဒီယာများကို ပြောသည်။

“ ဒီဖြစ်စဉ်ကြောင့် ၂ ဘက် အသိုင်းအဝိုင်းကြားမှာ ပဋိပက္ခပိုကြီးမလာအောင် အစိုးရက အစွမ်းကုန် ဆောင်ရွက်သွားမှာပါ။ ဒါကြောင့်မိုလို့ ဒီသတင်းစာရှင်းလင်းပွဲကို အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာပါ”ဟု ၀န်ကြီးဦးဖေမြင့်က ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင့်က နယ်စပ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် အချက်အလက်များ ခိုင်မာမှုရှိစေရန် စုဆောင်နေပြီး လိုအပ်ပါက ဘင်္ဂလားဒေရှ်သံအမတ်ကြီးကို ဆင့်ခေါ်သွားမည်ဟု မီဒီယာများကို ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးမြင့်ကြိုင်က နယ်စပ် လူအ၀င်အထွက်များကို ယခုဖြစ်စဉ်ကြောင့် ပိုမိုတင်းကျပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

No comments: