Wednesday, October 12, 2016

ကျဆုံးရဲဝန်ထမ်းများ၏ မိသားစုကို ထိရောက်စွာ ပံ့ပိုးကူညီရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

အောင်ကိုကို

ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရမှုမှာ ကျဆုံးသွားတဲ့ ရဲအမှုထမ်းတွေရဲ့ မိသားစုတွေကို ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်လို့ သမ္မတရုံး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကို နှိမ်နင်းရာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်က ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲအရာရှိတဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးသွားခဲ့တာပါ။

ကျဆုံးရဲဝန်ထမ်းတွေကတော့ အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဒု-ရဲအုပ်သိန်းကျော်ထိုက် (အသက် ၃၁ နှစ်)၊ ရဲတပ်ကြပ်ထွန်းနိုင်ဦး (အသက် ၄၃ နှစ်)၊ ရဲဒု-တပ်ကြပ်ဇာနည်ထက် (အသက် ၂၃ နှစ်)၊ ရဲဒု-တပ်ကြပ်ဇော်နိုင်ထွန်း (အသက် ၂၆ နှစ်)၊ ရဲဒု-တပ်ကြပ် သိန်းလင်းအောင် (အသက် ၂၆ နှစ်)၊ ရဲတပ်ကြပ်ကြီး ဇော်ထွန်း (အသက် ၄၄ နှစ်)၊ ရဲတပ်သားကျော်မိုး (အသက် ၂၆ နှစ်)၊ ရဲတပ်သားကျော်ကိုကိုရွှေ (အသက် ၂၆ နှစ်)၊ ရဲတပ်သားဇော်နိုင်ထွန်း (အသက် ၂၄ နှစ်) တို့ ဖြစ်တယ်လို့ မြန်မာရဲတပ်ဖွဲ့ နာရေးကြော်ငြာအရ သိရပါတယ်။

No comments: