Tuesday, October 11, 2016

ခရီးသည်အဆမတန်များရာမှ ဘူးသီးတောင်- စစ်တွေ အမြန်ယာဉ် ၂ နာရီခန့် နောက်ကျမှထွက်ရ

နိရဉ္စရာ၊


စစ်တွေမြို့သို့ ထွက်ခွာမည့် ရွှေပြည်တန် အမြန်ယာဉ်တွင် လိုက်ပါမည့် ခရီးသည် အလွန်များပြားရာမှာ နေ့တိုင်းအချိန်ထက် ၂ နာရီနောက်ကျမှ ထွက်ခွာသွားရသည်ဟု သိရသည်။

ခါတိုင်းအမြန်ယာဉ် ထွက်နေကျ အချိန်မှာ ၇ နာရီခွဲတိတိ ဖြစ်သော်လည်း ယနေ့တွင် ၉ နာရီကျော်မှ ထွက်ခွားသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့ခံ ဦးသန်းလိုင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက “ အခု အကြမ်းဖက် သမားတွေရဲ့ လက်ထဲကို သေနတ်တွေ ရောက်သွားပြီဆိုတော့ လုံခြုံရေး စိုးရိမ်ပြီး မောင်တောက လူတွေ တော်တော်များများ စစ်တွေကို သွားကြတယ်လို့ သိရပါတယ်။ အမြန်ယာဉ် တစ်စီးနဲ့ မဆံ့တဲ့ အတွက် နောက်တစ်စီးစာ ခရီးသည်တွေကျန်နေခဲ့တဲ့ အတွက် စစ်တွေက နောက်ထပ် အမြန်ယာဉ် တစ်စီးကျန်နေတဲ့ လူကို တင်ဖို့ အခု ထွက်လာပြီလို့ သိရပါတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ ယနေ့တွင် အမဆတန် စစ်တွေသို့ သွားမည့်သူ များသွားရခြင်းမှာ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ကျောင်းများ အားလုံးကို ပိတ်လိုက်ပြီ ဖြစ်သဖြင့် ဆရာ/ဆရာမများ စစ်တွေသို့ ပြန်ကြ၍လည်း ဖြစ်သည်ဟု ကိုအောင်က ပြောဆိုသည်။

“ ဆရာ ဆရာတွေလည်း ပြန်ကြတာပေါ့။ မောင်တောဘက်ကလည်း မိသားစုတွေ ဆင်းလာပြီး သွားကြတယ်လို့လည်း ကြားရပါတယ်” ဟု ကိုအောင်က ဆက်လက် ပြောဆိုသည်။

ယနေ့ စစ်တွေသို့ ဘူးသီးတောင်မှ သင်္ဘောရှိရာ သင်္ဘောပေါ်တွင်လည်း လူအပြည့် လိုက်ပါသွားသည်ဟု သိရသည်။

မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်တပ် ဌာနချုပ်မှ လက်နက် ၅၂ လက်နှင့် ကျည်မျိုးစုံ တစ်သောင်းကျော်ကို ဘင်္ဂလီ စကားပြော အကြမ်းဖက်သမားများမှ ယူဆောင်သွားပြီးနောက် မောင်တောမြို့နယ်၏ လုံခြုံရေး အပေါ် ဒေသခံတိုင်းရင်းသားများက အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

No comments: