Monday, October 10, 2016

"မန္တလေးမြို့တွင် မူလွန်ကျောင်းမြေ ပြန်လည်ရရှိရေး တောင်းဆို"

အောင်ကိုဦး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ အမှတ်(၂၃) အခြေခံပညာမူလတန်းလွန်ကျောင်းပိုင်မြေနေရာ ပြန်လည်ရရှိရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘ ၁၀၀ ခန့်က အောက်တိုဘာလ ၉ ရက်၊ နံနက် ၈ နာရီခွဲခန့်က ဆန္ဒထုတ်တောင်းဆိုခဲ့ကြသည်။

အဆိုပါကျောင်းပိုင်မြေနေရာကို တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ယာတည်ဆောက်နေခြင်းကြောင့် ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါကျောင်း အကျိုးတော်ဆောင် ဦးခင်မောင်မြိုင်က "ကျောင်းမြေကကျောင်းမြေပဲ။ ကျောင်းသားဆိုတာလျှော့သွားတယ်မရှိဘူး။ တိုးလာမှာ။ တိုးလာရင် အဆောက်အဦးဆိုတာချဲ့ရမှာ။ အခု ဒီလွတ်နေတဲ့မြေနေရာကို ထွေအုပ်ဝန်ထမ်းအိမ်ရာ ဆောက်မယ်ဆိုတာတော့ လုံးဝလက်မခံဘူး။ အခုဆို သူတို့က အရိပ်ရအပင်တွေကိုလာခုတ်ပြီးရှင်းတော့ ကလေးတွေ အကုန်ပူနေပြီ ကစားဖို့နေရာပါပျောက်တယ်။ ဒါကြောင့် ဆက်မဆောက်ဖို့ ဆန္ဒထုတ်ဖော်ပြီးတားတာပဲ။"ဟု ပြောသည်။

ဝန်ထမ်းအိမ်ရာဆက်မဆောက်လုပ်ရန်နှင့် ကျောင်းပိုင်မြေပြန်လည်ပေးအပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကျောင်းသား၊ ကျောင်းသူ မိဘများက လက်မှတ်များထိုး၍ စာပို့ထားသော်လည်း ဆက်လက်တည်ဆောက်ရန် ဆောင်ရွက်နေခြင်းကြောင့် ဆန္ဒထုတ်ဖော်တောင်းဆိုနေခြင်းဖြစ်ပြီး အစိုးရအဖွဲ့မှဖြေရှင်းမပေးပါက ဆက် ဆန္ဒထုတ်ဖော်ဆိုသွားမည်ဟု ကျောင်းသူ ၊ကျောင်းသားမိဘများက ဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် ကံသာယာရပ်ကွက်၊ ၅၈လမ်း၊ မဉ္ဇူလမ်းထောင့်မှစတင်ကာ အမှတ်(၂၃) အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့အထိ ကျောင်းမြေနေရာ ပြန်လည်ရရှိရေး၊ ဥပဒေမဲ့ အာဏာဖြင့် အနိုင်ကျင့်မှု ပပျောက်ရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

No comments: