Friday, October 7, 2016

ဦးလှဆွေ ကန့်ကွက်လွှာတင်ထားသည့် ဂန့်ဂေါအန်အယ်လ်ဒီအမတ်ကို ပြန်စိစစ်မည်

အောင်ကိုကိုလတ်

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးလှဆွေ ကန့်ကွက်လွှာတင်ထားတဲ့ ဂန့်ဂေါ အန်အယ်လ်ဒီ အမတ် ဦးပြူးလွင်ကို ရွေးကောက်ပွဲကော်မရှင်စုံညီခုံရုံးမှာ ပြန်လည်စိစစ်မယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးပြုးလွင်ကို ကြံ့ခိုင်ရေးပါတီက ဦးလှဆွေ တင်သွင်းခဲ့တဲ့ ကန့်ကွက်လွှာတင်မှု အစအဆုံး ပြန်လည်စိစစ်မည်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်စုံညီခုံရုံးက အောက်တိုဘာ ၆ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

“ခုံရုံးကနေ ချမှတ်တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဥပဒေအရလုပ်ထားတာဆိုတော့ စောဒက တက်ပိုင်ခွင့် မရှိပါဘူး။ အစကပြန်စစ်မယ်ဆိုတော့ ဒါဘာမှ အမှန်တရား မဟုတ်ဘူးဆိုတာ နောက်ပိုင်းလည်း သိလာမှာပါ။ အဲဒါနဲ့မှစစ်ရင်တော့ ငွေကုန်လူပန်းပဲ ဖြစ်လာမှာပေါ့” လို့ ဦးပြူးလွင်ကပြောပါတယ်။

သူတို့တွေဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်မြို့နယ် အမှတ် ၁၂ မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
“သူက ရိုးသားစွာယှဉ်ပြိုင်ခဲ့တာ မဟုတ်ဘူး၊ သူဘာသာသူ ဒေါ်စု နာမည်လေးတပ်ပြီး ပြိုင်ရင်ကို နိုင်ပါတယ်။ ဒါပေမယ့် သူက ဒီလိုမရိုးသားလို့ ကျနော်က ဂန့်ဂေါ်မှာလည်း ပြစ်ဆိုင်ရာဥပဒေနဲ့ တရားစွဲထားတယ်။ ဒီမှာလည်း အယူခံဝင်ခဲ့တာဖြစ်တယ်လို့” ဦးလှဆွေက ပြောပါတယ်။

သိက္ခာကျအောင်၊ မဲမထည့်အောင် ငွေစား၊ လယ်တွေလည်း သိမ်းထားတယ်လို့ မမှန်သတင်းပေး တိုင်ကြားမှု ပုဒ်မ ၂၁၁၊ အသရေဖျက်မှု ပုဒ်မ ၅၀၀တို့နဲ့ ဦးပြူးလွင်ကို ဂန့်ဂေါ်တရားရုံးမှာ တရားစွဲထားခဲ့ကြောင်းကိုလည်း ဦးလှဆွေက ရှင်းပြခဲ့တယ်။

အဲဒီ အယူခံဝင်မှု ကန့်ကွက်လွှာ စစ်ဆေးမှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စုံညီခုံရုံးမှာ စတင် စစ်ဆေးခဲ့တာပါ။

No comments: