Monday, October 10, 2016

မူးယစ်ဂိုဏ်အဖွဲ့အစည်းဟု အမေရိကန်၏ တံဆိပ်ကပ်မှုကို မျှတမှု မရှိဟု ဝတပ်ဖွဲ့ပြော

ရိုက်တာ

အာရှသို့ စီးဝင်နေသည့် တရားမဝင်မူးယစ်ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု အမေရိကန်၏ စွပ်စွဲချက်အား နိုင်ငံတွင် အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် UWSA ဝတပ်ဖွဲ့က ပယ်ချပြီး အမေရိကန်နိုင်ငံက နိုင်ငံရေးမူဝါဒအားဖြင့် တပ်ခေါင်းဆောင်များအား နာမည်ဆိုးစာရင်း သွင်းထားခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

ဆယ်စုနှစ်များစွာ ထီးတည်းနေခဲ့ရာမှ ပြီးခဲ့သည့်နှစ် သမိုင်းဝင်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ပါတီ အနိုင်ရပြီးနောက် ပြင်ပအဆက်အဆံအဖြစ် ကနဦးစမ်းသပ်ခြေလှမ်းအဖြစ် ဝတပ်ဖွဲ့က နိုင်ငံခြားသတင်းထောက်အချို့ကို ၎င်းဒေသသို့ ဖိတ်ကြားခဲ့သည်။

မြန်မာအစိုးရသစ်အနေဖြင့် တိုင်းရင်းသားများနှင့် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် စစ်ပွဲများ အဆုံးသတ်ရေးနှင့် ဥပဒေမစိုးမိုးသည့် နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး ထုတ်လုပ်နေခြင်းများအား
ကိုင်တွယ်ဖြေရှင်းရေးတို့အား ရုန်းကန်ဖော်ဆောင်နေရချိန်တွင် ဝတပ်ဖွဲ့နှင့်အတူ အခြားသောအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ် ရရှိရေးသည် အစိုးရသစ်အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။

“အရပ်သားအစိုးရ တာဝန်ယူပြီးနောက်မှာ ကျွန်တော်တို့တွေ မြို့ပေါ်ကို မကြာခဏရောက်ပါတယ်။ ကျွန်တော်တို့ ဘာတွေ စွမ်းဆောင်နိုင်တယ်ဆိုတာ သိစေလိုတယ်။ ဝပြည်နယ်အနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လိုချင်တယ်။ ဒါမှ ဝပြည်နယ်ဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပါတယ်။”ဟု ပြည်နယ်မြို့တော် ပန်ဆန်းတွင် သတင်းထောက်များနှင့် ရှားရှားပါးပါး အင်တာဗျုးရာ ဝဒေသနိုင်ငံခြားဆက်ဆံရေးဝန်ကြီး Zhao Guo An က ပြောသည်။

လက်ရှိကာလတွင် ဝတပ်ဖွဲ့၏ ငွေကြေးပိုင်ဆိုင်မှုက ဒေသအခေါ် ယာဘဖြစ်သည့် မက်သာဖက်တမင်းဆေးပြားများ ရောင်းချနေခြင်းမှ ရရှိခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသည်။

ဝဒေသအပါအဝင်ဖြစ်သည့် ရွှေတြိဂံနယ်မြေမှ ထွက်ရှိသော ယာဘဆေးပြားများကို သုံးစွဲမှုများ မြင့်တက်နေခြင်းက ဖိလစ်ပိုင်၌ သမ္မတ ဒူတာတေး၏ သွေးထွက်သံယို အသေအပျောက်များပြားသော မူးယစ်ဆေးဝါးနှိမ်နှင်းရေးစစ်ပွဲကဲ့သို့ အရှေ့တောင်အာရှတွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ရန် တွန်းအားပေးနေသကဲ့သို့ ရှိနေသည်။

၂၀၀၅ ခုနှစ်၌ ဘိန်းနှင့် မက်သာဖက်တမင်းဆေးပြားများ မှောင်ခိုကုန်ကူးသန်းနေခြင်းအတွက် ဝခေါင်းဆောင်တစ်ချို့အား အမေရိကန်က စွဲချက်တင်ထားခဲ့သည်။

“သူတို့တွေက သူတို့ရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက်သာ ခုလိုဆုံးဖြတ်မျိုး ချခဲ့ကြတာပါ။”ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် မူးယစ်ဆေးဝါးကုန်သွယ်မှု စွပ်စွဲချက်ဖြင့် ဝတပ်ဖွဲ့နှင့် ခေါင်းဆောင်တစ်ချို့အား နာမည်ဆိုးစာရင်းသွင်းထားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ၌ Zhao Guo An က ပြန်လည်ဖြေကြားခဲ့သည်။

“ယာဘဆေးဝါး ပြဿနာက တစ်ဒေသတည်း ဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ဘူး။ မူးယစ်ဆေးဝါးတွေ အများစုက ပြည်ပကလည်း ဝင်ရောက်နေတာပဲဖြစ်တယ်။ ဒါကို လူတွေက ဝတပ်ဖွဲ့အပေါ်မှာပဲ ဆက်ပြီး ပုံချနေတာကတော့ မျှတမှု မရှိဘူး။”ဟု ၎င်းက ပြောခဲ့သည်။

No comments: