Saturday, October 8, 2016

တပ်မတော်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ဟု KIA ပြော

ကျော်ခ


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ KIA တပ်ရင်း ၂၅၂ ထိန်းချုပ်ထားသည့် အင်ခရန်တောင်ကုန်းကို ယနေ့နံနက်ပိုင်းက တပ်မတော်မှ တိုက်လေယာဉ် ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA ပြန်ကြားရေး ဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ဒုဗိုလ်မှူးကြီး နော်ဘူ က “ဒီမနက် ၈ နာရီနောက်ပိုင်းကစပြီး Jet Fighter ၄ စီးနဲ့ တနာရီလောက်တိုက်ခဲ့တယ်ဆိုတာတော့ အတည်ပြုလို့ရပါတယ်။ မြေပြင်မှာ ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာတော့ အောက်ခြေသတင်းတွေတက်မလာသေးတဲ့ အတွက် အတည်ပြုချက်မပေးနိုင်သေးပါဘူး” ဟု ဧရာဝတီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်က ထုတ်ပြန်ဖြေရှင်းချက်ပေးခြင်း မတွေ့ရှိရသေးဘဲ ဖြေရှင်းချက် သိရှိနိုင်ရန် အတွက် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကို ဧရာဝတီမှ ဆက်သွယ်သော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိပေ။

KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်ကို မသိရသော်လည်း ယနေ့မနက် ၉ နာရီခန့်တွင် တိုက်လေယာဉ်အချို့ ကောင်းကင်တွင် ပျံသန်းသွားလာနေသည်ကိုတွေ့ရှိရကြောင်း ဝိုင်းမော်မြို့နယ် မိုင်းနား နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်း တာဝန်ခံ ဦးခေါန်ဒေါင် က ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဘက်တွင် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများ သြဂုတ်လ ကတည်းက ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးတဲ့နည်းလမ်းနဲ့ ကျနော်တို့ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတဲ့ အခြေအနေမှာ အခုလိုမျိုး စစ်ဆင်ရေးတွေလုပ်ပြီး ဖိအားပေးပြီးမှ နိုင်ငံရေး ဆွေးနွေးတယ်ဆိုတာကတော့ မှန်ကန်တဲ့ အနေအထားမဟုတ်ဘူးလို့ ပြောချင်တယ်” ဟု ဒုဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။

တပ်မတော်က ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန် မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့နယ်တို့တွင် ဒေသခံ ကချင်လူထုများက တောင်းဆိုဆန္ဒ ဖော်ထုတ်ခဲ့သည်။

No comments: