Friday, October 7, 2016

အစိုးရတပ်မတော် မှ သျှမ်းပြည်တပ်မတော် RCSS /SSA အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံများ ၂၀၀၀ ခန့်က ဘဝ လုံခြုံရေးအတွက် စိုးရိမ်

နန်းဆိုင်ဖူး


သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင် မြို့နယ် တုံလောဝ် ကျေးရွာအုပ်စု၏ အနောက်ဘက် ၃ မိုင်ခန့် အကွာတွင် အစိုးရတပ်မတော်မှ သျှမ်းပြည်တပ်မတော် RCSS/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံ များ မိမိရပ်ရွာနေအိမ်၌ မအိပ်ရဲကြဘဲ ဘုန်းတော်ကြီး ကျောင်း၌ စုပေါင်း အိပ်ရသည်ဟု သိရသည် ။

တုံလောကျေးရွာသား သက်ကြီးရွယ်အိုများမိခင်နှင့်ကလေးများမှာ ညအချိန် တွင် လုံခြုံစိတ်ချရသော ဘုန်းကြီးကျောင်းတွင်သွားရောက်ခိုလှုံအိပ်စက်ကြပြီး နေ့လည်ခင်းတွင်မူ အိမ်ပြန်ချက်ပြုတ်စားသောက်ကြသည်ဟု တုံလောဒေသခံ နန်းခမ်းခေါင် ကပြောသည် ။

” ကျမတို့ တုံလောဒေသခံတွေအားလုံးလည်း ဘုန်းကြီးကျောင်းမှာသွားအိပ်ကြတယ်၊ အိမ်မှာ မအိပ် ရဲကြဘူး မနက် မိုးလင်းတာနဲ့ အိမ်ပြန် ချက်ပြုတ်စားပြီးရင် ဘုန်းကြီးကျောင်းမှာဘဲ ပြန်လာနေကြတယ် တစ်ချို့လည်း တောင်ယာ တွေ စိတ်မချလို့ ခနတဖြုတ်သွားကြည့်ပြီး ပြန်လာတယ်။ အလုပ်ကောင်း ကောင်း မလုပ်ရဲကြဘူး၊ ဗုံးသံတွေ သေ နတ်သံတွေ ဘယ်ချိန်ကျလာမှာမှမသိတာ။ ပြီးတော့ ကျမတို့ဆို အဆင်သင့်လုပ်ထားတယ် လိုအပ်တဲ့ပစ္စည်းတွေ တစ်ခါတည်း ထုပ်ထားပြီး ဆိုင်ကယ်မှာ ချိတ်ထားတယ်၊ အစိုးရ စစ်ကြောင်းတွေ ဝင်လာတော့ အားလုံးလန့်ပြီး ရှုတ်ရှုတ်သဲသဲဖြစ်သွားကြတာ။ ကျမတို့ရွာ သားက နှစ်ယောက်ပါ သူတို့ ဖမ်းခေါ်သွားတာ ၊ ဒါကြောင့် ဘယ်ချိန် စစ်ပြန်ဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး ဒါကြောင့် ရွာကလူတွေ ဘုန်းကြီးကျောင်းမှာဘဲ အကုန်သွားအိပ်ကြတယ်”ဟု ပြောသည် ။

ရွာသူကြီး တဦးကလည်း ကျန်ရှိနေသည့် ကျွဲ ၊ နွား များကို စိတ်ပူပြီး တောင်ယာ ရိတ်သိမ်း ရာသီဖြစ်သည့် အတွက်ကြောင့် တောင်ယာမရိတ်သိမ်းရတော့ဘဲ စစ်ဘေးရှောင်နေရ ကြောင်း ပြောသည် ။

“ ဒီချိန်က တောင်ယာတွေ ရိတ်သိမ်းချိန် ပြောင်းတွေယူတဲ့ချိန်လည်းဖြစ်တယ်။ ကျနော်တို့က ဒီနှစ်လုပ်မှ နောက် နှစ်စားရတယ်။ ခု ဒီလို စစ်ပွဲတွေ ထွက်ပြေးနေရတော့ ကျနော်တို့ စားဝတ်နေရေးအတွက် နောင်နှစ်အတွက် စိတ်ပူရတယ်။ ပြီးတော့ အစိုးရစစ်ကြောင်းတွေက တုံလောကျေးရွာ ပတ်ပတ်လည်မှာ ရှိနေတယ်” ဟု ၄င်းကပြော သည် ။

ဝမ်ကုန်းဆာနေ ဖွားလီ က “ ဘာမှလည်း မရလာလိုက်ဘူး။ ကိုယ့်မှာ ပါတဲ့ အဝတ်တွေဘဲ ရလာတယ်။ သေနတ်သံ တွေ ဗုံးသံတွေ က ကျမတို့နဲ့ အရမ်းနီးတယ်။ ကျမတို့က တောင်ယာထဲမှာ အိပ်တာလေ ထွက်ပြေး လာတုန်းက ဖိနပ်တောင် မရလိုက်ဘူး” ဟု ပြောသည် ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်သည် (RCSS/SSA)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ( NCA) လက်မှတ်ထိုးထားသော အဖွဲ့ဖြစ်သည် ။

မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းပန် က “လွှတ်တော်မှာ စစ်ပွဲရပ်တန့်ဖို့ အဆိုတင် သွင်းထားတာရှိပေမယ့်လည်း အခုထက်ထိ ဆက်ဖြစ်နေတုန်းဘဲ ။ ကျနော်တော့ အဆိုဆက် တင်မယ်။ ကျနော်တို့ သိသလောက် မြင်သလောက်တော့ NCA လက်မှတ်ထိုးတယ်ဆို ပေမယ့် အပစ်ရပ်ကြတယ်ဆိုပေမယ့် မကြာမကြာဆိုသလို ပစ်နေကြတာဘဲ ။ နောက်ပိုင်း NCA လက်မှတ်ထိုး ထားတဲ့ စစ်ပွဲမဖြစ်တော့ဘူးလို့ အယုံအကြည်မရှိနိုင်ဘူးပေါ့ ။ ရှေ့ဆက် စစ်ပွဲမဖြစ်လာနိုင်ဘူးဆို မပြောနိုင်ဘူး”ဟု ပြောသည် ။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၌ အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်တော်ကြား အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ တိုက်ပွဲဖြစ်ပြီး စစ်ပြေးဒုက္ခ သည်များ တုံလောကျေးရွာ တောင်ကျောင်း နှင့် မြောက်ကျောင်း တွင် ခိုလှုံကြောင်း သိရသည် ။ တောင်ကျောင်းတွင် ဝမ်ပန်ပွိုင်းကျေးရွာ စစ်ပြေးဒုက္ခသည် ရ၀၀ ကျော်ခန့်ရှိပြီး မြောက်ကျောင်းတွင် ဝမ်ကုန်းဆာကျေးရွာ ဒုက္ခသည် ၃၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။ စစ်ပြေးဒုက္ခသည် နှင့် တုံလောကျေးရွာနေဒေသခံများ ဘုန်း ကြီး ကျောင်းတွင် လာရောက်နေထိုင်သည့် ရွာသူရွာသား များအားလုံး ၂၀၀၀ ခန့်ရှိကြောင်း သိရသည် ။

No comments: