Monday, October 10, 2016

နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်သူလူထု အသံနှင့်ဆန္ဒထည့်သွင်းနိုင်ရန် RCSS/SSA ကွင်းဆင်းတွေ့ဆုံ

နန်းဆိုင်ဖူး


နိုင်ငံတော်အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်သူလူထု၏ အသံများ ထည့်သွင်း ဆွေးနွေးနိုင်ရန်ရည်ရွယ်ပြီး သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းစာပေယဉ်ကျေးမှုခန်းမ၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ပြည်သူလူထု နှင့်တွေ့ဆုံမှုပြုလုပ်ခဲ့သည် ။

ပြည်သူလူထုနှင့် တွေ့ဆုံပြီး ရရှိလာသည့် ထင်မြင်ချက်များကို ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲသော်လည်းကောင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲသော်လည်းကောင်း လူထု ကိုယ်စားပြုသည့်အနေဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း (RCSS/SSA)မှ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်က ပြောသည် ။

“ အဓိက ကတော့ ပြည်သူလူထုရဲ့ အသံတွေကို လာနားထောင်တယ်၊ ရှေ့ဆက် နိုင်ငံရေး ဆွေး နွေး မယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို ယူရမယ်။ ပြည်သူတွေ ဘယ်လိုဆန္ဒရှိလဲ။ ကျနော်တို့ အဖွဲ့ကို ဘယ်လို သွားစေချင်လဲ -စတာတွေပေါ့။ နိုင်ငံရေးမှ မဟုတ်ဘူး စစ်ရေးတွေဘာတွေအကုန်လုံးပေါ့ ။ ပြည်သူတွေက ဘယ်လို အမြင်မျိုးတွေရှိလဲဆိုတာတွေကို ကျနော်တို့ လာနား ထောင်တာပါ ပြီးတော့ ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးသွားမယ်”ဟု ၄င်းကပြောသည် ။

ပြည်သူလူထုဆန္ဒ နားထောင်ရန် (RCSS/SSA) အဖွဲ့မှ သုံးဖွဲ့ ခွဲကာ သျှမ်းပြည်အရှေ့ပိုင်း၊ သျှမ်းပြည်မြောက်ပိုင်း နှင့် သျှမ်းပြည်တောင်ပိုင်း သုံးနေရာကွင်းဆင်းတွေ့ဆုံသည်။ အောက်တိုဘာ ၂ ရက်နေ့မှ စပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ပြည်သူလူထု၏ ဆန္ဒကို သွားရောက် နားထောင်သွားမည်ဖြစ်သည် ။

အဖွဲ့သုံးဖွဲ့မှ ရလာသည့် အချက်လက်များကို ပြန်လည်သုံးသပ်ပြီး ပြည်ထောင်စု အဆင့်နိုင်ငံရေးဆွေးနွေးပွဲသော်လည်းကောင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသော်လည်းကောင်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည် ။

“ ပြည်သူတွေရဲ့ အသံကို ပြန်နားထောင်ကြည့်ရင် အဓိက ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ကျန်းမာရေး စတာတွေ ပေါ့ ။ ဒါတွေရှိဖို့အတွက်ဆိုရင်လည်း ပြည်တွင်းငြိမ်းချမ်းရ မယ်ပေါ့။ တစ်ချို့လည်း နိုင်ငံရေးနဲ့ပြောရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ချင်တယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည် ။

RCSS/SSA ဘက်မှ အဖွဲ့၏ ပေါ်လစီ ၊ ၅ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် RCSS/SSA ဘက်မှ တင်သွင်းခဲ့ အစီရင်ခံစာများ စသဖြင့် ပြည်သူလူထုအား ပြန်လည်ရှင်းပြကြောင်း သိရသည် ။

အောက်တိုဘာ ၂ ရက်နေ့တွင် လဲချားမြို့နယ်တွင်ပြုပြီးပြီး လဲချားမြို့နယ် နှင့် နီးစပ်သည့် မြို့နယ်များ ၂၀၀ ကျော်တက်ရောက်ပြီး ၊ အောက်တိုဘာ ၄ ရက်နေ့တွင် နမ့်စန်မြို့နယ်တွင် ပြုလုပ်ပြီး နမ့်စန်မြို့နယ်နှင့် နီးသည့်မြို့နယ်များ ၃၀၀ ခန့် တက်ရောက်ပြီး အောက်တိုဘာ ၆ ရက်နေ့တွင် တောင်ကြီးမြို့နယ် နှင့် နီးသည့် မြို့နယ်များ ၁၀၀ ဝန်းကျင်ခန့် တက်ရောက်ကြောင်း သိရသည် ။

No comments: