Friday, December 13, 2013

လိုင်စင်မဲ့ငွေချေးပြီး အကြွေးဖြင့် လယ်မြေသိမ်းဆည်းထားမှု ၀န်ကြီးချုပ်ထိ တိုင်စာပို့သော်လည်း မထူးခြားဟုဆို

ဇော်ဇော်ထွေး

ဧရာဝတီတိုင်း ၊အိမ်မဲမြို့နယ်၊ လူခေါင်းကျွန်းကျေးရွာတွင် လိုင်စင်မဲ့ငွေတိုးချေးမှုလုပ်ငန်း လုပ်ကိုင်နေပြီး အကြွေးမဆပ်နိုင်သည့်သူများကို လယ်ယာ၊ ကျွဲ၊ နွားများ သိမ်းဆည်းနေမှု ဖြေရှင်းပေးရန် တိုင်းဝန်ကြီး ချုပ်ထိ နှစ်ကြိမ်တိုင်တိုင်စာတင် အကူအညီတောင်းခံသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဟု အဆိုပါကျေးရွာမှ ရာအိမ်မှူး ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

“ ကျေးရွာမှာ လိုင်စင်မဲ့ငွေတိုးချေးစားပြီး မဆပ်နိုင်တဲ့သူကို လယ်သိမ်း၊ ယာသိမ်းလုပ်တယ်၊ သိမ်းစရာ မရှိတဲ့သူကို အုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းပြီး တရားစွဲတယ်။ ဒါကိုကျွန်တော့်ဆီမှာ ရွာသားတွေက လက်မှတ် ထိုးပြီး တိုင်ထားတယ်။ ဒါကြောင့်ကျွန်တော်တို့တောသူတောင်သားတွေမှာ ဘယ်သူ့ကို အားကိုးရမှန်း မသိလို့ ဖြေရှင်းပေးဖို့ဆိုပြီး မြို့နယ်၊ ခရိုင်နဲ့ တိုင်းအထိပါ အသနားခံစာတင်ပြီး တိုင်ထားတာ။ ဘာမှကို ဆောင်ရွက်ပေးခြင်း မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင်လည်း ချေးငွေနှင့် ငွေတိုးများအား ပြန်လည်မဆပ်နိုင်သဖြင့်တရားရင်ဆိုင်နေရသူ ကျေးရွာ သူ ကျေးရွာသားပေါင်း လေးဦးရှိနေသည့်အပြင် နောက်ထပ်တစ်ဦးကိုလည်း ထပ်မံအမှုဖွင့် တိုင်တန်း ထားသည်ဟု ဦးတင်ဝင်းက ပြောသည်။ ချေးငွေနှင့် အတိုးငွေများအား ပြန်လည်မဆပ်နိုင်သဖြင့် သိမ်း ဆည်းခံထားရသော လယ်ဧက ၃၀ ကျော် ခန့်အထိ ရှိနေကြောင်းနှင့် ဥယျာဉ်ခြံမြေနှင့် ကျွဲနွားများပါ သိမ်းဆည်းထားသည်ဟုလည်း ဦးတင်ဝင်းက စွပ်စွဲပြောဆိုထားသည်။

လူခေါင်းကျွန်း၊ ကျေးရွာသားဖြစ်သူ ကိုအောင်ချစ်က “ကျွန်တော်၂၀၀၈ခုနှစ် နာဂစ်မှာ စီးပွားပျက်သွား တော့ အကြွေးက ခုနစ်သိန်းကျန်နေတယ်။ အဲဒီမှာ အတိုးမရှင်းနိုင်ဘဲ စာရင်းတွက်လိုက်တော့ တစ်နှစ် ကျော်အတွင်း အတိုးက ၁၈ သိန်းတက်နေတယ်။ စုစုပေါင်း ၂၅ သိန်းကို သတ်မှတ်ရက်မှာ ပြန်ပေးပါ မယ်လို့ တရားဝင်လက်မှတ်ထိုးလိုက်ရတယ်။ခုရက်ပြည့်လို့ ပြန်မဆပ်နိုင်လို့ တရားစွဲခံထားရတာပါ” ဟုပြောသည်။

အတိုးနှုန်းမှာ တစ်ရာကျပ်လျှင် ၁၀ ကျပ်နှုန်းဖြစ်ပြီး သတ်မှတ်ထားသည့် အနည်းဆုံးကာလ ခုနစ်လ အတွင်း ပြန်လည်မပေးဆပ်နိုင်ပါက တိုးရင်းပေါင်းကာ မူလအကြွေးအဖြစ် တွက်ချက်တောင်းသည်ဟု ယင်းတို့ထံမှ စုံစမ်းသိရသည်။

ထို့ပြင် သားဖြစ်သူက ချေးငွေမဆပ်နိုင်သောကြောင့် ၎င်း၏မိခင်ဖြစ်သူ အဘွားအိုတစ်ဦးသည် အိမ် ဆောက်ခွင့်မရဘဲ တစ်မိုးတွင်းလုံး မိုးယိုနေသောတဲ အိမ်ထဲတွင် နေထိုင်ခဲ့ရသည့်အတွက် ဓာတ်ပုံနှင့် တကွ ၀န်ကြီးချုပ်ထံသို့ တင်ပြအသနားခံစာ တင်ခဲ့ရသည်ဟုလည်း ယင်းတို့က ပြောပြကြသည်။

လက်ရှိတွင် သက်ဆိုင်ရာမှ မည်သည့်အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသောကြောင့် လိုင်စင်မဲ့ငွေတိုးချေးစားသော အထောက်အထားများအား စုစည်းနေပြီး လိုင်စင်မဲ့ငွေတိုးချေးစားမှုဖြင့် ပြန်လည်အမှုဖွင့် တရားစွဲသွားမည်ဟု ဦးဝင်းတင်က ပြောပြသည်။

အထက်ပါ စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်ပြီး လိုင်စင်မဲ့ငွေတိုးချေးစားသည်ဟု စွပ်စွဲပြောဆိုခံထား ရသူ မ၀င်းဝင်းဆွေက“ကျွန်မတို့ တရားရုံးမှာ ဥပဒေလမ်းကြောင်းအတိုင်းပဲ လုပ်ထားတာပါ၊ ဥပဒေ ဘောင်ကိုလည်း မကျော်ပါဘူး၊ တရားလို၊ တရားပြိုင်အစစ်ခံချက်တွေနဲ့ ရုံးတော်ကမှတ်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနည်းလမ်းအတိုင်းပဲ ဆောင်ရွက်ထားတာ ပါ။ အစွန်းရောက်တယ်၊ ဘောင်ကျော်တယ်ဆိုတာ ဘာမှမရှိပါဘူး” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပေးခဲ့သည်။

တရားမ၀င် ငွေတိုးချေးခြင်း ရှိ၊ မရှိ မဇ္ဈိမက မေးမြန်းခဲ့သော်လည်း မ၀င်းဝင်းဆွေက ဖြေကြားခဲ့ခြင်းမရှိ ဘဲ တရားဥပဒေစီရင်ဆုံးဖြတ်မှုအတိုင်းသာ လိုက်နာသွားမည်ဟု ဆိုသည်။

“ သူတို့ကပဲ မမှန်တာလုပ်လုပ်၊ ကျွန်မကပဲ မမှန်တာလုပ်လုပ်။ မမှန်တဲ့သူကတော့ နောက်ဆုံး အဖြေ ပေါ်သွားမှာပါ။ ဒါကိုတော့မှန်ကန်တဲ့တရားဥပဒေနည်းလမ်းအတိုင်း ဖြေရှင်းကြရမှာပါ။ ဒါကြောင့် နိုင်ငံ တော်က ချမှတ်ပေးထားတဲ့ ဥပဒေနည်းလမ်းအတိုင်းပဲ ဖြေရှင်းသွားမှာပါ”ဟု မ၀င်းဝင်းဆွေက ဆိုသည်။

တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားမှုကြောင့် တိုင်းလွှတ်တော်မှ စစ်ဆေးရေးအဖွဲ့ဝင်များက ၀န်ကြီးချုပ် အမိန့်ဖြင့်လာရောက် စစ်ဆေးမှုရှိခဲ့သော်လည်း မည်သည့်သုံးသပ်မှု၊ ဆုံးဖြတ်မှုကိုမျှချမှတ်ခြင်း မရှိသေးဟု ဒေသခံများကဆိုသည်။

No comments: