ABC
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကံဘဲ့ ကျေးရွာမှာ မနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အဲဒီမီးလောင်မှုဟာ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက် ၁း၄၅ အချိန်လောက်မှာ မုန့်ဟင်းခါးဖိုကတဆင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အိမ်ခြေ (၂၁၃)လုံး မီးထဲပါသွားတယ်လို့ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနက ပြောပါတယ်။
မနက် တစ်နာရီကျော်လောက်က စတင်လောင်ကျွမ်းခဲ့တဲ့မီးကို မနက် ၆း ၀၀ နာရီ ၀န်ကျင်လောက်မှ မီးငြိမ်းသတ်နိုင်ခဲ့တဲ့အကြောင်း၊ တိုင်းမီးသတ်ဦးစီးမှူးဦးဆောင်တဲ့အဖွဲက သွားနေဆဲဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအသေးစိတ်ကိုတော့ မသိရသေးတဲ့အကြောင်း တိုင်းမီးသတ်ဦးစီးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် လူအသေအပျောက် မရှိတဲ့အကြောင်း၊ အိမ်ခြေမဲ့ဖြစ်သွားတဲ့ မိသားစုဝင်တွေကိုတော့ နီးစပ်ရာရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေရာချထားတဲ့အကြောင်း၊ သူတို့ကို ကူညီချင်တယ်ဆိုရင်တော့ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း လပွတ္တာက လူမှုကယ်ဆယ်ရေး ကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ကံဘဲ့ရွာဟာ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းကာလက ရွာလုံးကျွတ်နီးပါး မုန်းတိုင်းဒဏ်ခံခဲ့ရတဲ့ ရွာတရွာဖြစ်ပြီး ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ အကူအညီတွေနဲ့ ပြန်လည်ထူထောင်နေ ဆဲကာလမှာပဲ အခုလို မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်လို့ မြစ်မခသတင်းအရ သိရပါတယ်။
ကံဘဲ့ကျေးရွာလိုပဲ ဒုက္ခရောက်လို့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်း နှစ်ခုမှာ လာရောက်ခိုလုံကြတဲ့ ဒုက္ခသည်တွေလည်း မကြာသေးမှီက စခန်းထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ရာနဲ့ချီ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့အတွက် လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
No comments:
Post a Comment