Friday, December 20, 2013

ထောက်လှမ်းရေးနှင့် အကောက်ခွန်ဝန်ထမ်းများ လွတ်မြောက်ရေး နိုင်ကျဉ်းကော်မတီပေါ်မူတည်ဟု ဆို

ဟိန်းကိုစိုး

ထောင်ဒဏ်ကျခံနေရသည့် တပ်မတော် ထောက်လှမ်းရေးများနှင့် အကောက်ခွန်ဝန်ထမ်းများ လွတ် မြောက်ရေးအတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စိစစ်တင်ပြချက်ပေါ်တွင်သာ မူတည်မည်ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက နိုဝင်ဘာ ၁၈ ရက်တွင် မဇ္ဈိမကို ပြော သည်။

“သမ္မတအနေနဲ့က အဲ့ဒီကော်မတီရဲ့ ဆွေးနွေးတင်ပြလာတဲ့အပေါ် မူတည်ပြီးတော့မှ အဲ့ဒီဟာတွေ လွှတ် သင့်တယ်၊ မလွှတ်သင့်ဘူး၊ လွှတ်မှာလား၊ မလွှတ်ဘူးလား၊ သူတို့ ဘယ်လို ဆွေးနွေးအတည်ပြုပြီးတော့ သဘောတူထားလဲပေါ့ စဉ်းစားမှာပေါ့။ သမ္မတ ပြန်ပြီးတော့ Yes or No ပေါ့။ အဲဒါကတော့ တင်ပြလာတဲ့ အပေါ်မှာ မူတည်ပါတယ်”ဟု အဆိုပါအရာရှိက ပြောသည်။

ယင်းတို့၏ အရေးကိစ္စနှင့်စပ်လျဉ်းပြီး လက်ရှိအချိန်တွင် လက်ကျန်အကျဉ်းသား စိစစ်ရေးကော်မတီက ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသည်။ ကော်မတီသည် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ကျခံနေရသူ များအပြင် အခြားသော မတရားသောနည်းလမ်းများဖြင့် ဖမ်းဆီးခံထားရသူများအရေးကိုလည်း စိစစ် ဆောင်ရွက်နေသည်ဟု အဖွဲ့ဝင် ဦးရဲအောင်က ပြောသည်။

ယင်းတို့ကို လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း၌မူ ထည့်သွင်းသွားမည်မဟုတ်ဟု ဆိုသည်။

“ကျွန်တော်တို့က တပ်မတော်ထောက်လှမ်းရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းက သွားတာထက် ကျွန် တော်တို့ မသိနိုင်တဲ့နေရာတွေမှာ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှပဲ အငြိုးအတေးထား ဖမ်းဆီးခံထားရသူတွေ နစက (နယ်စပ်ကုန်သွယ်ရေး)ကသူတွေ ဒီလိုလူတွေအတွက် လူသားချင်းစာနာမှုအရ အားလုံးအတွက်ကို ဆွေးနွေးတာက ပိုကောင်းမယ်”ဟု ပြောသည်။

လက်ရှိစာရင်းများအရ တပ်မတော်နှင့်သက်ဆိုင်သည့် ပုဒ်မများဖြင့် ငြိစွန်း၍ အကျဉ်းကျခံနေရသည့် အ မှုတွဲ ၄၄ ခုရှိနေပြီး စိစစ်ဖော်ထုတ်နေဆဲဖြစ်သည်။ ထို့ပြင် ယခင် တပ်မတော်ထောက်လှမ်းရေး မိသားစု ၀င်၂၁ ဦးကလည်း အကျဉ်းချခံထားရသူတို့ လွတ်မြောက်ရေးအတွက် တင်ပြထားသည်ဟု ကော်မတီ စာရင်းများတွင် ဖော်ပြထားသည်။

လာမည့် ဒီဇင်ဘာ၂၁ ရက်တွင် တပ်မတော်နှင့်ပတ်သက်သည့် အမှုတွဲများအပါအ၀င်၊ နိုင်ငံရေးပုဒ်မများ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ တရားရင်ဆိုင်နေရသူများအရေးကို အစိုးရကိုယ်စားလှယ်များ ပါဝင်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသား ကော်မတီအစည်းအဝေးတွင် ဆွေးနွေးရန်ရှိသည်။

ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား လုံးဝ မရှိစေရဟု သမ္မတ ကတိပြုထားသည့် ကာလကျော်လွန် ရန် ရက်သတ္တပတ် နှစ်ပတ်ခန့်သာ လိုတော့ချိန်တွင် ပြုလုပ်သည့် တွေ့ဆုံမှုလည်းဖြစ်သည်။

သို့သော် အဆိုပါအစည်းအဝေးတွင် ဖမ်းဆီးခံ တပ်မတော်ထောက်လှမ်းရေးဆိုင်ရာကိစ္စများ၊ အကောက် ခွန်ဝန်ထမ်းများအရေးကို သီးခြားဆွေးနွေးရန် မရှိသော်လည်း မတရားသဖြင့် ဖမ်းဆီးခံထားရသည်ဟု ယူဆသည့် အချို့အမှုများအတွက်မူ ဆွေးနွေးမည်ဟု ဦးရဲအောင်က ပြောသည်။

ကော်မတီ၏ စာရင်းများအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံ ထားရသူ ၄၄ ဦးကျော် ကျန်ရှိနေသည်။

No comments: