ဟိန်းကိုစိုး
ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ ၁၈)၊ အသင်းအဖွဲ့ဆိုင်ရာကဲ့သို့သော ဥပဒေပုဒ်မများ၊ နိုင်ငံ ရေး၊ အလုပ်သမားရေး၊ လယ်သမားရေးတက်ကြွလှုပ်ရှားမှုများကြောင့် နိုင်ငံရေးပုဒ်မအမျိုးမျိုးဖြင့် တရား ရင်ဆိုင်နေရသူများကို ယခုနှစ်ကုန်မတိုင်မီအတွင်း အမှုပိတ်သိမ်းပေးရန် နိုင်ငံတော်သမ္မတရုံးသို့ အကြံ ပြုစာပေးပို့ထားသည်ဟု လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ဆွဲထားတဲ့ အမှုတွေကိုရပ်ဖို့ ဥပဒေက ဘယ်လိုကျင့်သုံးလို့ရလဲဆိုတာကို တင်ပြထားတယ်၊ အဲဒါကို လည်း ရှေ့နေချုပ်၊ တရားသူကြီးချုပ်တို့နဲ့ ဆွေးနွေးနေတယ်လို့ သိရတယ်။”ဟု ကော်မတီဝင် ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။
အကြံပြုစာကို နိုင်ငံတော်သမ္မတထံ ကော်မတီက ဒီဇင်ဘာ ၇ ရက်ကတည်းက ပေးပို့ထားခြင်းဖြစ်သည်။ လက်ရှိတွင် ထိုသို့သောပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူနှင့် ပြစ်ဒဏ်ကျခံနေရသူ စုစုပေါင်း၂၀၀ကျော် ခန့် ရှိနေပြီဖြစ်သည်။ ယင်းတို့ကို ယခုနှစ်ကုန် နိုင်ငံရေးအကျဉ်းသားမရှိစေရဟု နိုင်ငံတော်သမ္မတ ကတိ ပေးထားသည့် ကာလအတွင်း လွတ်မြောက်နိုင်ရန် ကော်မတီက ကြိုးပမ်းနေခြင်းဖြစ်သည်။
ထိုသူတို့ ရင်ဆိုင်နေရသည့် အမှုတွဲများ အားလုံးကို ပိတ်သိမ်းပေးရန်ကဲ့သို့သော အကြံပြုချက်ကို လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် အားလုံး သဘောတူညီချက်ဖြင့် သမ္မတရုံးသို့ ပေးပို့ ခြင်းဖြစ်သည်ဟု ဦးရဲအောင်ကလည်း ပြောသည်။
“လက်ရှိ တရားရင်ဆိုင်နေရတာက နိုင်ငံတော်နဲ့ နိုင်ငံရေးလုပ်နေသူတွေက ရင်ဆိုင်နေရတာဆိုတော့ ဒီအမှုတွေအားလုံးကို ပိတ်သိမ်းမယ်ဆိုရင် ဒါက ဖြစ်နိုင်မယ် လုပ်ချင်ရင်တော့ဖြစ်မယ်”ဟု ဦးရဲအောင်က ဆိုသည်။
ယင်းသို့ အမှုရင်ဆိုင်နေရသူများကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန်မှာမူ တည်ဆဲဥပဒေများအရ ဖြစ်နိုင်ခြင်းမရှိဘဲ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ကို ယူရဖွယ်ရှိသည်ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်(ယာယီ) ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြည်မြင့် က မဇ္ဈိမကို သုံးသပ်ပြောဆိုခဲ့ဖူးသည်။
“ရင်ဆိုင်နေရတဲ့ အမှုတွေ ပယ်ဖျက်ဖို့ဆိုရင် သမ္မတက ၄၀၁ သုံးလို့ မရဘူး။ သုံးချင်ရင် ကာလုံသဘော ကို ယူရမယ်။ ယူပြီးတော့မှ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး ပေးနိုင်မယ်။ အဲဒီလို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ထောင်ကျနေတဲ့သူတွေ အားလုံး ပါလာနိုင်တယ်။ ဒါက မဖြစ်နိုင် ဘူး”ဟု ၎င်းက ရှင်းပြသည်။
စိစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်ခွင့်(စီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ -၁၈)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှု (ပုဒ်မ ၅၀၅/ခ)၊ မတရားအသင်းဆက်သွယ်မှု (ပုဒ်မ ၁၇/၁၊ ၂)၊ အသင်းအဖွဲ့ဥပဒေဆိုင်ရာ (သင်းဖွဲ့- ၆)၊လယ်ယာမြေသိမ်းကိစ္စများ ၀င်ရောက် ဖြေရှင်းရာမှ လယ်မြေပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၇၇)၊ နိုင်ငံတော်ပုန်ကန်မှု၊ အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅(ည)တို့ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို ပြန်လွှတ်ပေးနိုင်ရန် အကြံ ပြုထားခြင်းလည်း ဖြစ်သည်။
No comments:
Post a Comment