Friday, December 20, 2013

အစာငတ်ခံ ဆန္ဒပြသူများကို ထောင်ဝင်စာ တွေ့ခွင့်မရ

နော်နိုရင်း

ပဲခူးတိုင်း ပေါင်းတည်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေကြတဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဝင်စာတွေ့ခွင့်မရသလို သူတို့ရဲ့ ကျန်းမာရေးမေးမြန်းမရလို့ မိသားစုဝင်တွေ စိုးရိမ်ပူပန်နေပါတယ်။

ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြနေကြတဲ့ မိ​တ္ထီ​လာ​ပြည်​သူ့အ​ကျိုး​ဆောင်​ကွန်​ရက်​က ​ဒေါ်​မြ​င့်​မြ​င့်​အေး​၊ ဝိမု​တ္ထိ ​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့က ဒေါ်​ခင်​မိ​မိ​ခိုင်​နဲ့ ​န​တ္တ​လင်း​ပြည်​သူ့အ​ကျိုး​ဆောင်​ကွန်​ရက်​မှ ဦးသန့်ဇင်​ထက်တို့ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းမရလို့ မိသားစုဝင်တွေ စိုးရိမ်ပူပန်နေကြတာပါ။

သူတို့ ၃ ဦးဟာ ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေကြတာ သီတင်းတပတ်လောက် ရှိလာပြီး ကျန်းမာရေးချို့တဲ့လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိသားစုဝင်တွေ ထောင်ဝင်စာ သွားတွေ့ခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက တွေ့ခွင့်မပေးသလို ကျန်းမာရေး အခြေအနေ မေးမြန်းရာမှာလည်း ထောင်က ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ ဒေါ်မြင့်မြင့်အေးရဲ့ မောင်ဖြစ်သူ ဦးတိုးလေးက ပြောပါတယ်။

“ပေါင်းတည်ထောင်ကို ပြီးခဲ့တဲ့ ၂ ရက်က ဖုန်းဆက်တယ်။ ပထမ တခါတုန်းက ကိုင်တယ်။ ကိုင်တဲ့အခါမှာ ကျနော်က ဒေါ်မြင့်မြင့်အေး အိမ်ကပါ သူရဲ့ မိသားစုပါလို့ ပြောတော့ ထောင်က ဖုန်းကိုင်တဲ့သူက သူတို့ ဖြေခွင့်မရှိဘူးလို့ ပြောပြီး ဖုန်းချသွားတယ်။ ကျန်းမာရေးအရ ကြားတဲ့ သတင်းအရ သူတို့ အားနည်းနေပြီလို့ ကြားတယ်။ နတ်တလင်းတို့ ပေါင်းတည်တို့က နီးစပ်ရာ မိတ်ဆွေတွေက ပြောတာပါ။ ထောင်စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဝင်စာ ပိတ်ထားတယ်။ အခုဟာက ကျန်းမာရေးကိစ္စကို မေးတာကို မေးလို့မရဘူး ဖြစ်နေတာပါ။”
အစာငတ်ခံဆန္ဒပြနေသူတွေဟာ ပဲခူးတိုင်း၊ န​တ္တ​လင်း​မြို့​နယ်​ထဲ ​လယ်​သိမ်း​ခံ​တောင်​သူ​တွေ​ဘက်​က ​လိုက်​ပါ​ရပ်​တည်​ပေး​ရင်း ပြီးခဲ့တဲ့ ဇွန်လကတည်းက ​ပေါင်း​တည်​ထောင်​ထဲ ​ဖမ်း​ဆီး​ချုပ်​နှောင်​ခံထားရတာ ၆ လကျော်ရှိနေပြီ ဖြစ်​ပါ​တယ်။

သူတို့ကို ပြန်လွှတ်ပေးခြင်းမရှိသလို စွပ်စွဲထားတဲ့ အမှုတွေအတွက်လည်း အမိန့်မချဘဲ ကာလရှည်ကြာ ထိန်းသိမ်းထားတဲ့အတွက် ထောင်တွင်းဆန္ဒပြတာဖြစ်ပါတယ်။

No comments: