Friday, December 20, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အများပိုင်ပြောင်းရန် အချိန်ယူရဦးမည်ဟုဆို

စ,ချိုကို

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ရန် စီမံချက်ချထားလျက်ရှိပြီး ယင်းသို့ အများပိုင်ပြောင်းရန်မှာ အချိန်ယူရဦးမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးကျော်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နောက်ပိုင်းတွင် အော်ပရေတာအဖြစ် လုပ်ကိုင်မည်ဖြစ်ပြီး အများပိုင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ အချိန်မည်မျှကြာမည် ကိုမူ ၎င်းင်းက ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။

ဦးကျော်စိုးဝင်းက “ကျွန်တော်တို့ အများပိုင်ကုမ္ပဏီပြောင်းဖို့က အချိန်ယူရဦးမှာပါ။ ပထမအဆင့်အနေနဲ့ ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲလုပ်ကိုင်မှာဖြစ်ပြီး နောက်ပိုင်းမှ အများပိုင်အဖြစ် ပြောင်းလဲမှာဖြစ်ပါ တယ်။ အခုလို နိုင်ငံပိုင်ကနေ အများပိုင်အဖြစ် ပြောင်းလဲနိုင်ဖို့ကလည်း သူများနိုင်ငံတွေ ပြုလုပ်သွား တဲ့စီမံချက်တွေကို သာဓကအနေနဲ့ကြည့်မယ်ဆိုရင်တောင် ငါးနှစ်ကနေ ၁၀ နှစ်အထိ ကြာမြင့်နိုင်တာ ကို တွေ့ရပါတယ်”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အများပိုင်အဖြစ် ပြောင်းလဲရာတွင် အဆင့်နှစ်ဆင့်အဖြစ်ဆောင်ရွက်မည်ဖြစ်ကာ ပထမအဆင့်အနေဖြင့် ၀န်ကြီးဌာနမှ ခွဲထွက်၍ အစိုးရဘတ်ဂျက်ဖြင့် လုပ်ကိုင်နေခြင်းမှ ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် လုပ်ကိုင်နိုင်မည့် Cooperation အဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒုတိယ အဆင့်အနေဖြင့် နောက်ပိုင်းတွင် ရှယ်ယာများ ထုတ်ရောင်းကာ အများပိုင်အဖြစ် ပြောင်းလဲလုပ် ကိုင်သွားမည်ဖြစ်သည်ဟု ဦးကျော်စိုးဝင်းက ပြောသည်။

ပြည်တွင်းတွင် ယခင်က ဆက်သွယ်ရေးလုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသာ လုပ်ကိုင်ခဲ့ရာမှ ပြည်တွင်းပြည်ပ အော်ပရေတာလေးခုဖြင့် နောက်ပိုင်းတွင် ပြောင်းလဲလုပ်ကိုင်တော့မည် ဖြစ်ရာ ပြည်ပအော်ပရေတာနှစ်ခုကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်ကပင် ရွေးချယ်ခဲ့ပြီးဖြစ်သည်။

ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ပြည်ပအော်ပရေတာနှစ်ခုဖြစ်သော တယ်လီနောနှင့် အူရီးဒူး၊ ပြည်တွင်းမှ ရတနာပုံတယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က အော်ပရေတာ အဖြစ် လုပ်ကိုင်မည်ဖြစ်သည်။

ပြည်တွင်းအော်ပရေတာများအနေဖြင့်လည်း ပြည်ပနိုင်ငံများမှ အော်ပရေတာများ နှင့် ယှဉ်ပြိုင်လုပ်ကိုင် သည့်အခါ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ယှဉ်ပြိုင်နိုင်ရန် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းလုပ် ဆောင်သင့်ပြီး ပြည်ပအော်ပရေတာများကလည်း ဒေသခံပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်မှ သာ မိုဘိုင်းဈေးကွက်ကို ယှဉ်ပြိုင်လုပ်ကိုင်နိုင်မည် ဖြစ်သည်ကိုလည်း ပြီးခဲ့သည့်စက်တင်ဘာလ အ တွင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော Myanmar Connect 2013 တွင် နိုင်ငံတကာမှ စီးပွားရေးပညာရှင် အများစုက အကြုံပြုသုံးသပ်ခဲ့သည်။

ယင်းသို့ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ပြည်ပကုမ္ပဏီ များနှင့် ပူးပေါင်းရန် ဆောင်ရွက်နေသကဲ့သို့ ရတနာပုံတယ်လီပို့အနေဖြင့်လည်း ဆောင်ရွက်နေပြီဖြစ် သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်ပအော်ပရေတာတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ရန်အတွက် လက်ရှိတွင်Orange၊ KDDI နှင့် Singtel စသည့် အော်ပရေတာသုံးခုကို ဆန်ခါတင်အဆင့်တွင် ရွေးချယ်ထားပြီးဖြစ်သည်။

ပြည်တွင်းအော်ပရေတာများအနေဖြင့် ပြည်ပအော်ပရေတာများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရာတွင် ရင်ဆိုင် ရမည့်အခက် အခဲအများအပြားရှိနေသည်ဟုလည်း ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Amara Communication မှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးကျော်နိုင်က သုံးသပ်ပြောသည်။

ဦးကျော်နိုင်က “ MPT က အများပိုင်အဖြစ် ပြောင်းလဲပြီး အော်ပရေတာအဖြစ် ပြောင်းလဲလုပ်ကိုင်ရာမှ အရင်က ဆက်သွယ်ရေးဝန်ထမ်းတွေက အစိုးရ၀န်ထမ်းတွေဖြစ်နေတယ်။ နောက် ပုဂ္ဂလိကအဖြစ် ပြောင်းလဲတဲ့အခါ အဲဒီဝန်ထမ်းတွေအတွက် ရေရှည်ကို ဘယ်လိုပြုလုပ်ပေးမှာလဲ။ အစိုးရ၀န်ထမ်းအဖြစ် က ထုတ်လိုက်ရမှာလားဆိုတာတွေက စဉ်းစားစရာရှိလာတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “အစိုးရဌာနကနေ နိုင်ငံတကာကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ရာမှ ၀န်ထမ်းတွေရဲ့ အရည်အသွေးတွေ တိုးတက်အောင် ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းအတွက် အချိန်ယူလေ့ ကျင့်သင်ကြားမှုတွေလုပ်ရဦးမယ်။ နောက်ရရှိထားတဲ့ ပြည်တွင်းမိုဘိုင်း ဈေးကွက်ကိုလည်း ထိန်းသိမ်းဖို့ ပြည်ပအော်ပရေတာတွေနဲ့အပြိုင် ၀န်ဆောင်မှုပေးနိုင်ရမယ်။ ဒါကြောင့် ပြည်ပအော်ပရေတာနဲ့ ယှဉ်ပြိုင် လုပ်ကိုင်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိနေနိုင်တယ်” ဟုလည်း ဆိုသည်။

ဝန်ကြီးဌာနမှ ခွဲထွက်လုပ်ကိုင်မည့် ကော်ပိုရေးရှင်းသည် ၀န်ထမ်းများစွမ်းရည်မြှင့်တင်ရေးနှင့် လေ့ကျင့် သင်ကြားရေး၊ လိုအပ်သည့်ပစ္စည်းများ ၀ယ်ယူအသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှရယူမည့်ချေးငွေ များမှ အမေရိကန်ဒေါ်လာနှစ်သန်းကို အသုံးပြုသွားရန် လျာထားကြောင်း ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးသောင်းတင်က ပြည်ထောင်စုလွှတ်တော်တွင် စက်တင်ဘာလအတွင်းက ပြောကြားထားသည်။

No comments: