Monday, December 16, 2013

ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်မရသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်

မောင်သင်တုန်း၊ အောင်ကိုဦး

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ လက်မှတ်များ တန်းစီဝယ်ယူခဲ့သော်လည်း ၀ယ်ယူမရသည့်အတွက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ ရှိခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်က မန္တလေးမြို့ မန္တလာသီရိကစားကွင်း၌ ကစားသည့် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီး အသင်းတို့ ကစားမည့် ဘောလုံးပွဲလက်မှတ် ၀ယ်ယူမရသူများနှင့် လက်မှတ်ရောင်းချသူတို့ကြား အငြင်းပွားရာမှ လက်မှတ်ရောင်းသောနေရာများအား ခဲများဖြင့်ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့ပြီး ရဲလုံခြုံရေးများ တိုးမြှင့်ချထားရသည်အထိ ဖြစ်ခဲ့သည်။

မန္တလေးမြို့တွင် ရောင်းချသော လက်မှတ်အရေအတွက်မှာ ဗထူးအားကစားကွင်း၌ စောင်ရေ ၄,၀၀၀ နှင့် အားကာသိပ္ပံတွင် စောင်ရေ ၄,၀၀၀ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်သန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာ ၁၅ တွင် ဗထူးအားကစားကွင်း တစ်နေရာတွင်သာ လက်မှတ်ရောင်းချပေးသည့်အတွက် အားပေးမည့်သူများ ဗထူးကွင်းသို့ စုပြုံရောက်လာကာ တိုးဝှေ့ကြသောကြောင့် ထိခိုက်မှု အချို့လည်း ရှိခဲ့ သည်။

ယခင်နေ့များကဲ့သို့ နှစ်နေရာခွဲရောင်းမည်ဟု ထင်သောကြောင့်၊ အားကာသိပ္ပံတွင် သွားရောက် တန်းစီပြီးမှ လက်မှတ်မရောင်းဟု သိရသည့်အတွက် ဗထူးကွင်းသို့သွား၍ တန်းစီခဲ့ရကြောင်း မန္တလေးမြို့ခံများ က ဆိုသည်။

အားပေးမည့်သူများသည် ထိုသို့ သွားရောက် တန်းစီဝယ်ယူခဲ့သော်လည်း နံနက် ၁၁ နာရီခွဲတွင် လက်မှတ်များ ကုန်သွားကာ အပြင်တွင် လက်မှတ်မှောင်ခိုဈေး တစ်စောင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲ အထိ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ ဦးဝင်းသူမိုးက “အားကာသိပ္ပံမှာ လက်မှတ်တွေ ရောင်းမပေးတာက တော့ ကစားကွင်းနဲ့ နီးနေလို့ပါ။ ဒါကြောင့် ဒီနေ့ ဗထူးကွင်းတစ်နေရာမှာပဲ ရောင်းချပေးခြင်းဖြစ်ပါတယ်။ ဗထူးကွင်းမှာ နှစ်ပေါက် ခွဲရောင်းပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်လည်း ဒီဇင်ဘာ ၁၄ ရက် ထိုင်း-မြန်မာ အမျိုးသားဘောလုံးပြိုင်ပွဲကြည့်ရှုရန် နံနက် ၄ နာ ရီလောက်မှစ၍ လက်မှတ်ဝယ်သူများ တန်းစီဝယ်ယူခဲ့သော်လည်း နေ့လယ် ၁၁နာရီဝန်းကျင်တွင် လက် မှတ်ကုန်သွားသည်ဟု ဆိုသည့်အတွက် လက်မှတ်ရုံများနှင့် လက်မှတ်ရုံရှေ့ရှိ ကြားဖြတ်တိုးဝှေ့နေသူ များကို ခဲ၊ ဖိနပ်၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်မှုများ ရှိခဲ့သည်။

အဆိုပါပွဲအတွက် ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၃ ရက်က လက်မှတ်စောင်ရေ ၁၀,၀၀၀ ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် လက်မှတ်စောင်ရေ ၆,၀၀၀ သာ ရောင်းချပေးခဲ့သည်။ ထို့ပြင် ယခင် ရောင်းနေ ကျ လက်မှတ်ရုံအားလုံးမှ ရောင်းချခြင်းမျိုးမဟုတ်ဘဲ လက်မှတ်ရုံနှစ်ခုလောက်တွင်သာ ရောင်းချခဲ့သည့် အတွက် မရောင်းပေးသည့် လက်မှတ်ရုံများတွင် ၀ယ်ရန် တန်းစီစောင့်ဆိုင်းနေသူများ အချိန်ကုန်သော် လည်း လက်မှတ်မရရှိသည့်အတွက် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နောက်ပိုင်းပွဲများတွင် တုံကင်စနစ်ဖြင့် ရောင်းချမှုများ လုပ်ဆောင်သွားမည်ဟု ဆီးဂိမ်း မြန်မာဘောလုံးအသင်းမှ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးက မဇ္ဈိမသို့ ပြောသည်။

တုံကင်စနစ်ဆိုရာတွင် တန်းစီ ၀ယ်ယူသူများကို တုံကင်တစ်စောင်ကမ်းပြီး ရောင်းချပေးသွားမည်ဖြစ်သည်။

“တုံကင်တစ်စောင်ကို လက်မှတ်တစ်စောင်ပဲ ရောင်းပေးမယ်။ အဖွဲ့ချုပ်အနေနဲ့ မှောင်ခိုလက်မှတ်ကို လုံးဝ မရောင်းဘူး၊ ရောင်းရင် ပြင်းထန်စွာ အရေးယူမယ်”ဟု ဦးစိုးမိုးက ပြောသည်။

ရန်ကုန်တွင် ကျင်းပသည့် ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်များကို ၀ယ်ယူချင်သူဦးရေက သိန်းချီရှိနေသော် လည်း ရောင်းပေးနိုင်သည့်ပမာဏမှာ သုံးသောင်းသာရှိသည့်အတွက် ပွဲပြင်ပတွင် ဖြစ်ပေါ်နေသော မှောင်ခိုဈေးနှုန်းများကို ဖြေရှင်းမရနိုင်ဟု ဦးစိုးမိုးက သုံးသပ် ပြောဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော ထိုင်း-မြန်မာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြင်ပ မှောင်ခိုလက်မှတ်ဈေးနှုန်းများက ရိုးရိုးတန်း လက်မှတ်တစ်စောင်ကို ကျပ်သုံးသောင်းအထိ၊ အထူးတန်း လက်မှတ်တစ်စောင်ကို ကျပ်လေးသောင်းမှ ငါးသောင်းအထိ ဈေးပေါက်ခဲ့သည်။

No comments: