ထင်လင်းအောင်
ဝေဖန်မှုများလွန်းနေသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတကာစံချိန်စံညွှန်းမီခြင်းရှိမရှိဆိုသည်မှာ တရုတ်ထက် ပြည်တွင်း၏ ဆောင်ရွက်ချက်အပေါ်တွင်သာ ပိုမိုမူတည်နေကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်နှင့်လုပ်ငန်းရှင်များက မဇ္ဈိမသို့ ဒီဇင်ဘာ ၁၂ ရက်က ပြောကြားသည်။
တရုတ်အနေဖြင့် နိုင်ငံတကာစံချိန် စံညွှန်းမီသော ရင်းနှီးမြှုပ်နှံမှုများသာ ပြည်တွင်းသို့ဝင်ရောက်ရန် ဒီဇင်ဘာ ၁၁ ရက်က ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် တရုတ်-မြန်မာ နှစ်နိုင်ငံလုပ်ငန်းရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI အနေဖြင့် ကွမ်တုံပြည်နယ် ဒုတိယမြို့တော်ဝန် ဦးဆောင်သည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်ကိုယ်စား လှယ်များကို တိုက်တွန်းပြောခဲ့မှုအပေါ် မဇ္ဈိမက သဘောထားမှတ်ချက်မေးမြန်းရာတွင် ယင်းတို့က အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “တရုတ်ရင်းနှီးမြှုပ်နှံမှု နိုင်ငံတကာ စံချိန် စံညွှန်းမီနဲ့ ၀င်ရောက်ဖို့ဆိုတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေထက် ပြည်တွင်းအစိုးရအဖွဲ့အစည်းက ပို အရေးကြီးတယ်။ သူတို့ကို တိုင်းတာဖို့ဆိုတာ ကိုယ့်ဆီမှာလည်း အရည်အသွေးသတ်မှတ်ချက် (standardization)ကို တိုင်းတာနိုင်တဲ့ပေတံ ရှိဖို့လိုတယ်။ ပေတံရှိပြီးသွားရင်လည်း တိုင်းတာမယ့် ပညာရှင်တွေ လိုသေးတယ်။ အစိုးရက ဒါတွေကိုလုပ်ထားတာ မရှိသေးဘူး” ဟု မဇ္ဈိမကိုပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်၏ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သော မြစ်ဆုံရေကာတာ စီမံကိန်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း၊ စံပယ်တောင်ကြေးနီစီမံကိန်းနှင့် ကျောက်ဖြူဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းများသည် ဒေသခံများ၏လူမှုစီးပွားဘ၀ထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိနေ သည်ဟုဆိုကာ ဝေဖန်မှုများရင်ဆိုင်နေရသည်။
ဦးလှမောင်က “တရုတ်ကတော့ နို့မှုန့်တွေမှာလည်း မယ်လမင်းဓာတ်တွေပါတာတို့လို စားသောက်ကုန် တွေမှာ ပြဿနာတက်တာ မကြာခဏဖြစ်တာ တွေ့နေရတာပဲ။ ဒါပေမဲ့ ၀င်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ စံချိန်စံညွှန်းကိုတိုင်းတာဖို့က ကိုယ့်ဘက်ကလဲ ပြင်ဆင်ထားဖို့လိုတယ်။ ပြင်ဆင်ထားပါတယ်ပြောပြီး ၀င်လာတဲ့ လုပ်ငန်းတွေကို ဘယ်လိုတိုင်းတာစိစစ်မလဲ။ အဲဒါက အဓိက အရေးကြီးတာပါ” ဟု ပြော သည်။
အထက်ပါကဲ့သို့ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် အဓိကအားဖြင့် ယခင်အစိုးရ လက်ထက်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ကာ အဆိုပါကာလတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၏ အဓိကပြဿနာဖြစ်ကြောင်း အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
အဆိုပါစီးပွားရေးပညာရှင်က“အဓိကတော့ အရင်ခေတ်က၀င်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက လုပ်ပိုင် ခွင့်ရှိသူတွေနဲ့ မရှင်းမလင်းမပြတ်မသားတွေလုပ်ခဲ့တာတွေ အများကြီးရှိတယ်။ အကျိုးအမြတ်ဆိုင်ရာ တွေ အများကြီးရှိတယ်။ အဲဒါတွေက အခုကျတော့ပြဿနာဖြစ်ပြီး ရှင်းမရဖြစ်တော့တာပေါ့။အဓိကတော့ ကိုယ့်ဘက်က နဂိုကတည်းက စနစ်တကျလုပ် ထားနိုင်ဖို့လိုတာပါ”ဟု ပြောသည်။
No comments:
Post a Comment