Monday, December 16, 2013

အိန္ဒိယမှ တည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်း ဇွန်လတွင် ပြီးစီးမည်

နိရဉ္စရာ

အိန္ဒိယ Essar ကုမ္ပဏီမှ တည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်းသည် ၂၀၁၄ ခုနှစ် ဇွန်လတွင် ပြီးစီးရန် မျှော်လင့်ထားသည်ဟု ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း Th Hindu Business line တွင် ယနေ့ သတင်း ဖေါ်ပြသည်။

စစ်တွေဆိပ်ကမ်း တည်ဆောက်နေမူမှာ ယခုအခါ ၇၀ ရာခိုင်နုန်းပြီးစီးသွားပြီ ဖြစ်ကြောင်း၊ စစ်တွေ ဆိပ်ကမ်းကို ဇွန်လအကုန်တွင် တည်ဆောက်ပြီးစီးရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်းတွင် ဆက်လက် ဖေါ်ပြသည်။

စစ်တွေဆိပ်ကမ်း စီမံကိန်းသည် အိန္ဒိယ နိုင်ငံ အတွက် မဟာဗျူဟာရ အရေးပါသော စီမံကိန်း တစ်ခုဖြစ်ပြီး စစ်တွေ ဆိပ်ကမ်းမှ တဆင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များနှင့် ကျန်အိန္ဒိယနိုင်ငံ အ၀န်းကို ဆက်သွယ်နိုင်မည်သာမက ကမ္ဘာ ကုန်သွယ်ရေး လမ်းကြောင်းနှင့်ပါ ချိတ်ဆက်နိုင်မည်ဟု ဆိုသည်။

အိန္ဒိယ Essar ကုမ္ပဏီသည် ယခုအခါ စစ်တွေမြို့တွင်သာမက ချင်းပြည်နယ် ပလက်ဝတွင်လည်း ၎င်းစစ်တွေ ဆိပ်ကမ်းနှင့် ဆက်သွယ်မည့် ဆိပ်ကမ်း တစ်ခုကို တည်ဆောက်နေသည်။

ယင်းပြင် သင်္ဘောများ အလွယ်တကူ ခုတ်မောင်းသွားလာနိုင်ရန် အတွက် ၁၅၈ ကီလိုမီ တာ ကုလားတန်မြစ်ကြောင်းကိုလည်း သောင်တူးစက်များဖြင့် တူးဖေါ် ရှင်းလင်းနေကြောင်း သတင်းတွင် ဖေါ်ပြသည်။

ယင်းပြင် အိန္ဒိယ Essar ကုမ္ပဏီသည် ၎င်းရေလမ်းကြောင်းတွင် အသုံးပြုရန် အတွက် သင်္ဘော (၆) စင်းကို တည်ဆောက်နေပြီး သင်္ဘောကိုယ်ထည်များမှာ ၅၀ ရာခိုင်နုန်း ပြီးစီးနေပြီ ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယသည် ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ် ကတည်းက စတင်ခဲ့သည်။

ပလက်ဝ ဆိပ်ကမ်းမှ အိန္ဒိယ နယ်စပ်ထိ ၁၀၉ ဒဿမ ၂ ကီလိုမီတာ အရှည်ရှိသော ကားလမ်းနှင့် ယင်းနယ်စပ်မှ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် မြို့တော် အိုင်ဇော Aizwal အထိ ကီလိုမီတာ ၂၅၀ ရှိ ကားလမ်းအားလည်း ဖေါက်လုပ်ရန် ကျန်နေသေးကြောင်း သိရသည်။

၎င်းလမ်းများ ဖေါက်လုပ်ရေး အတွက်လည်း မကြာမီ တင်ဒါခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရသည်။

No comments: