ဇော်ဇော်ထွေး
တရားပွဲများ မကျင်းပနိုင်ရန် ရန်ကုန်တိုင်း အုပ်ချုပ်ရေးအဖွဲ့အစည်းများက လိုက်လံ တားဆီးပိတ်ပင်နေ သည်ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက ဒီဇင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
“ဟောပြောချက်တွေမှာ ဓမ္မနဲ့မညီရင်၊ ပိဋကတ်တော်နဲ့မညီရင်၊ လူမျိုးရေး ဘာသာရေးကို အဓိကရုဏ်း ဖြစ်စေတဲ့ တိုက်တွန်းတဲ့၊ မြှောက်ပေးပင့်ပေးတဲ့ စကားလုံးတွေ၊ ဟောပြောချက်တွေပါရင် ကြိုက်သလို တရားစွဲလို့ရပါတယ်။ ဒါက သက်ဆိုင်ရာကနေ လုပ်ပိုင်ခွင့်ရှိပါတယ်။ ခုဟာက ဟောတောင် မဟောရ သေးဘူး ဟောပြောခွင့်မပြုဘူးဆိုပြီး ပိတ်ပင်နေတာကတော့ ဒီမိုကရေစီရဲ့အခြခံမူနဲ့လည်း ဆန့်ကျင်နေတယ်”ဟု ဆရာတော်က မိန့်ကြားခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်ခြင်းများသည် ယခင် စစ်အစိုးရခေတ်ကကဲ့သို့ပင်ဖြစ်နေပြီး ယနေ့ ဒီမိုကရေစီအစိုးရ လက်ထက်တွင် မရှိသင့်တော့ဟု ဆရာတော်က သုံးသပ်ခဲ့သည်။
ခွင့်ပြုချက်မရသော်လည်း တရားပွဲကျင်းပခဲ့သည့် မြို့နယ်အချို့တွင် ပွဲစီစဉ်သူများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက တရားစွဲဆိုသည့် ဖြစ်စဉ်အချို့ ရှိနေခြင်းဖြစ်သည်။
ကြည့်မြင်တိုင်၊ ဆေးရိုးတန်းရပ်ကွက်တွင် နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့သော ရွှေည၀ါတရားပွဲကိုလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည်ဟု စွပ်စွဲကာ တရားပွဲ စီစဉ်ပြုလုပ်သူများ ကို တရားစွဲခံထားရသည်ဟုလည်း တရားပွဲစီစဉ်ခဲ့သူတစ်ဦးက မဇ္ဈိမကို ပြောပြထားသည်။
ထို့ပြင် ယခုလ အစောပိုင်းက လှိုင်သာယာ(၇)ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သော တရားသဘင်ပွဲတွင်လည်း ရွှေည၀ါတရားပွဲအား မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်ပိုင်းမှ ထည့်သွင်းပြုလုပ်စေခြင်း မပြုနိုင်ရန် ဖိအားပေး၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် အလင်းရောင် ဓမ္မဒါနမှ ကိုနိုင်ဦးက မဇ္ဈိမကို ပြောသည်။
“တရားပွဲကိုတားနေတာကတော့ သိပ်သဘာဝမကျဘူး။ နိုင်ငံရေးဟောလို့ဆိုပြီးတော့လည်း ပွင့်ပွင့်လင်းလင်းမပြောဘူး။ ဒါမှမဟုတ် တရားမဟောရလို့ အတိအလင်း စာထုတ်လိုက်ပေါ့။ အဲလိုလည်း တရားဝင် စာမထုတ်ဘဲနဲ့ တားဆီးပိတ်ပင်နေတော့ သာသနာပါ ညှိုးမှိန်နိုင်ပါတယ်”ဟု ကိုနိုင်ဦးက ပြောသည်။
ကမာရွတ်မြို့နယ်တွင် ကျင်းပရန် စီစဉ်ခဲ့စဉ်ကလည်း မြို့နယ်အုပ်ချုပ်ရေးပိုင်းက တားမြစ်ပိတ်ပင်ခဲ့သ ဖြင့် နေရာပြောင်းရွှေ့ ကျင်းပခဲ့ရသည့်ဖြစ်စဉ်ရှိခဲ့သည်ဟု သိရသည်။
ရွှေည၀ါဆရာတော်ကမူ အုပ်ချုပ်ရေးပိုင်း၏ ယင်းသို့သော ဆောင်ရွက်ချက်များသည် ရဟန်းသံဃာများကို နိုင်ငံရေးနှင့်ပတ်သက်ပြီး နောက်ကွယ်မှ အသုံးချသကဲ့သို့ရှိနေကြောင်းနှင့် တရားဟောခွင့် ပိတ်ပင် ခြင်းကို အာဏာပိုင်အဆင့်ဆင့်က စေခိုင်းနေသကဲ့သို့ ရှိနေသည်ဟု ထုတ်ဖော်မိန့်ကြားခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်တွင် သတင်းသုံးသည့် ရွှေည၀ါဆရာတော်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က စာပေးပို့၍ သံဃအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသည့်အတွက် ခွင့်ပြုချက်မရဘဲ သင်တန်းဖွင့်လှစ်ခြင်း မပြုရန် ပိတ်ပင်ခဲ့ဖူးသည်။
ထို့ပြင် ကျောင်းတိုက်မှ ဖယ်ရှားခြင်းကိုလည်း ကြုံတွေ့ခဲ့ရဖူးပြီး ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက်တွင် မြို့ နယ်ရပ်ကွက် သံဃနာယကအဖွဲ့ ဆရာတော်များနှင့် တွေ့ဆုံပြီးနောက် ဆရာတော်ကိုယ်တိုင် ကျောင်း တိုက်မှ ထွက်ခွာမည်ဟု ကတိပြုခဲ့ပြီး မှော်ဘီမြို့နယ်သို့ ပြောင်းရွှေ့ သီတင်းသုံးခဲ့သည်။
No comments:
Post a Comment