Tuesday, December 17, 2013

စစ်ကိုင်းရှိ ပြည်သူပိုင်လမ်း ၀င်းခြံခတ်မှု ဒေသခံများ ကန့်ကွက်

အောင်ကိုဦး

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ၂၄ လမ်းမကြီးကို ၀င်းခြံခတ် ရောင်းချထားမှုအား ဖယ်ရှား အရေးယူပေး ရန် ရွှေမင်းဝံ ရပ်ကွက်သူရပ်ကွက်သားများ ၁၀၀ ခန့်က ဒီဇင်ဘာ ၁၃ ရက်တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။

၂၄ လမ်းမကြီးကို ၂၀၁၃၊ ဇူလိုင်လတွင် လာရောက် ၀င်းခြံခတ်သူ၊ ပြည်သူပိုင်လမ်းမကြီးအား ၀င်းခြံခတ် ခွင့်ပေးသည့်သူများကို အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ ဒီလမ်းက ရပ်ကွက်တည်ကတည်းက အကွက်ချ ဖော်ထုတ်ထားတဲ့လမ်းပါ။ အနှစ် ၂၀ ရှိ သွားပြီ။ ရပ်ကွက်ကိုဖြတ်သွားတာက ၂၂ လမ်း ၂၃ လမ်းနဲ့ ၂၄ လမ်းရှိတယ်။ အခု ၂၄ လမ်းကို ပိတ်ပြီး ၀င်းပေးတယ်။ တားတော့လည်း မရဘူး။ ဒါကို ရပ်ကွက်သူ ရပ်ကွက်သားအားလုံးက မကျေနပ်ဘူး”ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဦးစိုးဦးက ဆိုသည်။

အဆိုပါလမ်းမြေနေရာသည် ၁၉၉၇ ခုနှစ်တွင် စစ်ကိုင်းတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က စစ်ကိုင်းပေါ်တော်မူဘုရား သိမ်းဆည်းမြေအတွက် နေရာအစားပြန်ချပေးသည်ဟုဆိုကာ ၀င်းခြံခတ် ခဲ့ခြင်းဖြစ်သည်ဟု ခြံခတ်သူ ဦးဇော်လွင်ဦးက ဆိုသည်။

လမ်းမကြီးကို ပိတ်ဆို့၍ ခြံခတ်ခြင်းအား ထိုခြံခတ်သော ဇူလိုင်လမှာပင် သက်ဆိုင်ရာသို့ ကန့်ကွက်စာ တင်ခဲ့သော်လည်း လာရောက်ကြည့်ရှုပြီး အရေးယူ ဆောင်ရွက်ခြင်းမရှိခြင်းကြောင့် ဆန္ဒပြမှု လုပ်ဆောင် ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုသန်းထိုက်ဦးက ပြောသည်။

No comments: