Wednesday, December 18, 2013

မြန်မာအစိုးရထံ ဥရောပသမဂ္ဂ၏ တောင်းဆိုချက်များ ခက်ခဲနေဦးမည်ဟုဆို

နန်းလွင်နှင်းပွင့်

ဥရောပသမဂ္ဂမှ မြန်မာအစိုးရသို့ တောင်းဆိုထားသည့် ဒီမိုကရေစီနိုင်ငံတော်ခိုင်မာရေး အာမခံချက်ရှိစေ ရန် ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များအပါအ၀င် အချက်များနှင့်ပတ်သက်၍ မလွယ်ကူနိုင်ဟု နိုင်ငံရေးလေ့လာကျွမ်းကျင်သူ ဒေါက်တာရန်မျိုးသိန်းက မဇ္ဈိမသို့ သုံးသပ်ပြောဆိုလိုက် သည်။

ဥရောပဘက်မှ တိုက်တွန်းတောင်းဆိုလိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရေးတွင် လွတ်လပ်မှုနှင့် တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုအဖြစ် ပြောင်းလဲစေရန် တိုက်တွန်းလိုခြင်းဖြစ်ပြီး လွတ်လပ်ရန် မှာ လုပ်ဆောင်ရန်ဖြစ်နိုင်သော်လည်း တရားမျှတမှု ဖြစ်စေရန် လုပ်ဆောင်ရမည်မှာ ခက်ခဲမည့်ကိစ္စဟု ဆိုသည်။

“လွတ်လပ်ဖို့ဆိုတာ ဖြစ်နိုင်တယ်။ တရားမျှတဖို့ဆိုတာက ပါတီတွေက အကုန် တန်းတူညီရမယ်။ အခု အခြေအနေမှာ တချို့အင်အားကြီးပါတီတွေမှာဆို တခြားရှိနေတဲ့အရာတွေက ပါတီငယ်တွေနဲ့ တန်းမတူ ဘူး။ အဲဒီကတည်းက တန်းတူမှု မဟုတ်တော့ဘူး။”ဟု ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသို့ သွားနေစဉ်ကာလတွင် အာမခံချက်များရှိစေရန် လက်ရှိကျင့်သုံးနေ သည့် ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရမည်ဟု ဥရောပသမဂ္ဂမှ မြန်မာအစိုးရသို့ ဒီဇင်ဘာလ ၁၆ ရက်တွင် မြန်မာနိုင်ငံအပေါ် သုံးသပ်ချက်များ စစ်တမ်းထုတ်ပြန်မှုဖြင့် တိုက်တွန်း ပြောဆိုထားသည်။

အဆိုပါအချက်နှင့်ပတ်သက်၍ ဒေါက်တာရန်မျိုးသိန်း၏ လေ့လာသုံးသပ်ချက်များအရ ဖွဲ့စည်းပုံပြင်ဆင် ရေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်ကွက်ထားသည့်အပိုဒ်များကို ဥရောပသမဂ္ဂဘက်မှ ပြင်ဆင်စေလိုသည့်ဆန္ဒများ ဖြစ်နိုင်မည်ဟု ဆိုသည်။

ဥရောပသမဂ္ဂ၏ တောင်းဆိုမှုမှာ “ဖွဲ့စည်းပုံက ခေတ်မီတဲ့ ဒီမိုကရေစီရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ ရေး ဖြစ်စေဖို့ နိုင်ငံရဲ့အခြေခံဖြစ်တဲ့ ဥပဒေ လေ့လာသုံးသပ်ရေးအတွက် အများပါဝင် လက်ခံတဲ့ ဖွဲ့စည်း ပုံအဖြစ်ပြင်ဖို့ တိုက်တွန်းတယ်”ဟု ဆိုထားသည်။

ဥရောပသမဂ္ဂ၏ တောင်းဆိုမှုများတွင် လူမျိုးစုများကြား ဖြစ်ပေါ်သော အကြမ်းဖက်မှုများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းခံများကို ကိုင်တွယ်ဖြေရှင်းရန်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အာမခံချက်ရှိ ရေး ဆောင်ရွက်ရန်၊ ခေါင်းဆောင်များအားလုံးကို အကြမ်းဖက်မှုကို မပြုလုပ်ရန်တို့လည်း ပါရှိသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေအရ၂၀၁၄ မှ၂၀၂၀ကြား ကာလများတွင် မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ရမည့် ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းစဉ်များအား အဓိကထား ဆောင်ရွက်ရန်လည်း သဘောထားရှိသည်ဟု ပြောဆိုထား သည်။ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်ရမည့် ကဏ္ဍများတွင် ပူးပေါင်းကူညီ နိုင်ရန် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများမှ အကူအညီများဖြင့် လုပ်ဆောင်သွားရန် အစီအစဉ်များချမှတ် ရန်လည်း ရည်ရွယ်ထားကြောင်း ပါရှိသည်။

ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်နှင့် လက်ရှိ လုပ် ဆောင်နေသည့် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် များရရှိလာရန်ကိုလည်း မျှော်လင့်နေပြီး တည်တံ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက် ဦးတည်ရန်သွား နေသည့် နိုင်ငံရေးဆွေးနွေးမှုတွင်လည်း ပံ့ပိုးရန် အဆင်သင့်ရှိကြောင်း ပြောဆိုထားသည်။

No comments: