အေးမြင့်စန်း
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကင်းသာကမ်းခြေ (ညောင်ချောင်းသာ)တွင် ယခုနှစ် ဖွင့်လှစ်မည့် လုပ်ငန်းများ ငှားရမ်းလုပ်ကိုင်ခွင့် လေလံအတွက် ညောင်တုန်းဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီနှင့် ဒေသခံများ သဘောထားကွဲမှုများကို ဖြေရှင်းပေးရန် ဧရာဝတီတိုင်း ၀န်ကြီးချုပ်ထံ စာတင်ထား သည်ဟု ဒေသခံများနှင့် ကော်မတီမှ စုံစမ်းသိရသည်။
ကမ်းခြေတစ်လျှောက်တွင် ဖွင့်လှစ်မည့် ဈေးဆိုင်ခန်း၊ ရွက်ဖျင်တဲနှင့် ဘောကွင်းလုပ်ငန်းများကို လေလံပစ်ရာတွင် လုပ်ငန်းတစ်မျိုးကို ကျပ်တစ်သိန်းနှုန်းဖြင့် သတ်မှတ်ခြင်းနှင့် မိသားစုတစ်စုလျှင် လုပ်ငန်းတစ်မျိုးတည်းသာ လုပ်ကိုင်ခွင့်ပြုသည့်အပေါ် ရန်ကင်းစံကျေးရွာ ဒေသခံများက ၀န်ကြီးချုပ်ထံ တင်ပြထား သည်ဟု ဒေသခံများက ဆိုသည်။
“လုပ်ငန်းသုံးမျိုးကို တစ်သိန်းခွဲ သတ်မှတ်ပေးစေချင်တယ်၊ ကမ်းခြေ စပေါ်တဲ့ ရန်ကင်းစံရွာသားတွေကို ကမ်းခြေနဲ့ အနီးဆုံးနေရာမှာ လုပ်ငန်းလုပ်ကိုင်ခွင့် ၆၀ ရာခိုင်နှုန်းပေးမယ်ဆိုတဲ့ ကတိကို ဖွံ့ဖြိုးရေးကော်မတီက ဖောက်ဖျက်ထားတယ်။ ရန်ကင်းစံရွာက ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ဖြေရှင်းပေးဖို့ ဒီဇင် ဘာ ၁၃ ရက်မှာ ၀န်ကြီးချုပ်ထံ တောင်းဆိုသွားမှာဖြစ်တယ်”ဟု ရန်ကင်းစံကျေးရွာမှ ဒေသခံဖြစ်သူ ဦးသောင်းဆွေက ဒီဇင်ဘာလ ၁၂ တွင် ပြောသည်။
ထို့ပြင် ကမ်းခြေစတင်ပေါ်လာသည့် ရန်ကင်းစံကျေးရွာ ဒေသခံများကို လုပ်ငန်းများကို ဦးစားပေးအဖြစ် လုပ်ကိုင်ခွင့်ပြုရန်နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည့် ကာလအတွင်း ဆိုင်ခန်းငှားရမ်းသည့် ဖောင်ပိတ်ရက်ကို တိုးမြှင့်ပေးရန် တောင်းဆိုထားသည်ဟု ၎င်းက ပြောသည်။
ညောင်တုန်းဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဝင်းကြည်က “လုပ်ငန်းသုံးမျိုးကို တစ်ဦးတည်းကို ခွင့်ပြုလိုက်ရင် ကျန်မိသားစုတွေ အလုပ်ကိုင်အခွင့်လမ်း ဆုံးရှုံးသွားလိမ့်မယ်။ ဒါကြောင့် ဆိုင် ခန်း၊ ရွက်ဖျင်တဲ၊ ဘောကွင်း လုပ်ငန်းတစ်မျိုးစီကို တစ်ဦးတည်းပဲ ခွင့်ပြုမယ်၊ လုပ်ငန်းတစ်မျိုးကို တစ် သိန်းနှုန်း သတ်မှတ်ထားတာကိုလဲ လျှော့ချသွားမှာမဟုတ်ဘူး”ဟု ပြောသည်။
ရန်ကင်းသာကမ်းခြေ၌ ၂၀၁၂ခုနှစ်က ဈေးအရောင်းဆိုင်များ ဖွင့်လှစ်ခဲ့ရာတွင် မြို့နယ်စည်ပင်နှင့် မြို့ နယ်အုပ်ချုပ်ရေးမှူးသည် လုပ်ပိုင်ခွင့်များကို စီးပွားရေးသမားသို့ ရောင်းချခဲ့သည့်အတွက် ယခုနှစ်တွင် ဒေသခံများကို ဦးစားပေး လုပ်ကိုင်ခွင့်ပေးရန် အောက်တိုဘာလအတွင်းက တောင်းဆိုခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment