ကျော်ဖြိုးအောင်
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော တက္ကသိုလ်များဗဟိုကောင်စီ ဖွဲ့စည်းရေး (မူကြမ်း) ရေးဆွဲ ခြင်းကို အတည်ပြုပြီး အဆိုပါ ဗဟိုကောင်စီကို ဖွဲ့စည်းပါက တက္ကသိုလ်ပညာရေးကဏ္ဍတွင် အာဏာ ရှင်စနစ်ကို ဆက်လက် တည်တံ့စေရေးနှင့် ဗဟိုမှ ဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် ကြိုးပမ်းမှုတစ်ခု သာ ဖြစ်သည်ဟု တက္ကသိုလ် ဆရာ/ဆရာမများအသင်းများမှ ယူဆသည်ဟု ယင်းအသင်းများ၏ ဒီဇင်ဘာ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှ ဖော်ပြခဲ့သည်။
အချက် ၂၇ ချက်ပါ အဆိုပါ ဗဟိုကောင်စီဖွဲ့စည်းရေး (မူကြမ်း) ကို တက္ကသိုလ်ဆရာ၊ဆရာမများအသင်း မှ အပြင်းအထန် ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က သတင်းထုတ်ပြန်လိုက်သည်။ ယင်းမူကြမ်းနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနက ဆရာ၊ ဆရာမများနှင့် ဒီဇင်ဘာ ၂၀ ရက်တွင် ဆွေးနွေးပြီး နောက်ပိုင်း ယခု ကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ ထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်၍ တက္ကသိုလ်ဆရာ ဆရာမများအသင်း အတွင်းရေးမှူး ဒေါက် တာစိုင်းခိုင်မျိုးထွန်းက“ဆရာတို့က တက္ကသိုလ်တွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားနေတဲ့အချိန် မှာ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များ ဗဟိုကောင်စီဖွဲ့ဖို့ လုပ်နေတယ်။ ဆရာတို့က သင်ကြားရေး နဲ့ သုတေသနလုပ်ငန်းတွေမှာ လွတ်လပ်စွာ လုပ်ဆောင်ချင်တယ်။ သူတို့က အထက်ကနေ ချုပ်ကိုင်ချင် တယ်”ဟု ဆိုသည်။
အဆိုပါမူကြမ်းများအားရေးဆွဲရာတွင် အဆင့်မြင့်ပညာရေးကဏ္ဍ၏ အဓိကသက်ဆိုင်သူ(Stakeholders) များဖြစ်သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာ/ ဆရာမများ သိရှိပါဝင်ခွင့် မရရှိဘဲ ပညာရေးဝန်ကြီးဌာန၊ အာဏာပိုင် လူနည်းစုအချို့မှ ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ လက်ရှိတွင် တက္ကသိုလ်များအနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် တောင်းဆိုနေချိန်တွင် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီနည်းလမ်းမကျဟု လည်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆိုသည်။
“မူကြမ်းနဲ့ပတ်သက်ပြီး သူတို့တွေအနေနဲ့ ဘာတွေ ဆွေးနွေးထားတယ်၊ ဘာတွေ လုပ်ဆောင်သွားမယ်ဆိုတာ မသိရဘူး။ ဒါကြောင့် ဆရာတို့အသင်းက ကန့်ကွက်တာပါ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ စစ်မှန် တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ တည်ထောင်နိုင်ရေးအတွက် အဆင့်မြင့်ပညာရေးကဏ္ဍမှာရှိတဲ့ Stakeholders တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဒီမိုကရေစီနည်းလမ်းကျကျ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာစေချင်တယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ထုတ်ပြန်ချက်၌ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် အခြေအနေအမှန်ကို လက်တွေ့ကျကျ ဆင်ခြင်သုံးသပ်ပြီး နိုင်ငံနှင့် ပြည်သူများအတွက် စစ်မှန်သည့် စေတနာကို အရင်းခံ၍ အတ္တစွဲကင်းစွာဖြင့် မှန်မှန်ကန်ကန် ချဉ်းကပ်ဖြေရှင်းရန် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ တစ်ညီ တစ်ညွတ်တည်း တောင်းဆိုလိုက်ကြောင်းလည်း ပါဝင်သည်။
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ယင်းအသင်း အောက်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)၊ ရတနာပုံတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းများ ပါဝင်သည်။
No comments:
Post a Comment