ကေဇင်ဦး
ကယားပြည်နယ်မှ မူးယစ်ဆေးသုံးသူ လူငယ်များ မူးယစ်ဆေးဖြတ်ရန် တည်ဆောက်ထားသည့် ၂၀၀၄ ခုနှစ်ကတည်းက ပိတ်ထားခဲ့သော ရွှေပြည်အေး လူငယ်ပြုစုပျိုးထောင်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်စေ လိုသည်ဟု ကယားဒေသတွင်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောသည်။
ပြည်နယ်မြို့တော် လွိုင်ကော်အခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းများဖြစ်သော ကရင်နီလူငယ်များ သမဂ္ဂ၊ ကယန်းအမျိုးသမီးအစည်းအရုံးနှင့် ကရင်နီနိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့များက ကယားပြည်နယ်အတွင်း လူငယ်တို့ စိတ်ကြွဆေးသုံးစွဲမှု များပြားလာခြင်းကြောင့် ဆေးဖြတ်စခန်းကို ပြန် လည် ဖွင့်လှစ်လိုခြင်းဖြစ်သည်။
“ဒေသတွင်းမှာ စိတ်ကြွဆေးတွေသုံးစွဲတာ များလာတယ်။ လူမှုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ ပညာ ပေးလို့ စွဲနေတဲ့သူတွေ ဖြတ်မယ်ဆိုရင်တောင် ဖြတ်မယ့်နေရာမရှိဘူး”ဟု ကယန်းလူငယ်များသမဂ္ဂမှ ဗ ဟိုကော်မတီဝင် ကိုဖိုးခွားက ပြောသည်။
ကယားပြည်နယ်အတွင်းသို့ ပြင်ပဒေသမှ မူးယစ်ဆေးပြားများ ၀င်ရောက်နေကာ လူငယ်များကြားတွင် သုံးစွဲမှုနှုန်း မြင့်မားနေသည်ဟုလည်း ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး KNPLF ဗဟို ကော်မတီဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဟက်စတန်က ပြောသည်။
“ပြီးခဲ့တဲ့တစ်နှစ်ကျော်က အဓိက အထက်တန်းကျောင်းသားအဆင့်လောက်ပဲ သုံးပါတယ်။ အခုကတော့ သုံးတန်း၊ လေးတန်းကလေးအချို့တောင် နည်းနည်းပါလာတယ်။ ဒါအခြေအနေတော်တော်ဆိုးတယ်။ ကျွန်တော်တို့က အဖွဲ့အစည်းဆိုတော့ ပညာပေးဆွေးနွေးတာလောက်ပဲ လုပ်နိုင်တယ်။ ဖမ်းလည်းမဖမ်း နိုင်ဘူး ထောင်ချတာလည်း မလုပ်နိုင်ဘူး”ဟု ပြောသည်။
ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ကယားပြည်နယ်အ တွင်း မူးယစ်ဆေးသုံးစွဲမှုကို အများပြည်သူသို့ ပညာပေးဆွေးနွေးမှုများသာ ဆောင်ရွက်နိုင်ပြီး သုံးစွဲမှုများ လျော့ကျရန် မလုပ်ဆောင်နိုင်သေးဟုလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။ ဘိန်းဖြတ်စခန်းမရှိသဖြင့် ဒေသတွင်း မူးယစ်ဆေးသုံးစွဲသည့် လူငယ်များကို KN PP ၏ ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်ကာ ဆေးဖြတ်ပေးရန် စီစဉ်နေသည်ဟုလည်း သူက ပြောသည်။
ကယားပြည်နယ်တွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုများမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ဖမ်းဆီးရရှိ သော စိတ်ကြွရူးသွပ်ဆေးပြား ၁၈၂၈၄ ပြား၊ ဘိန်းမဲ ၁၃၅ ဒသမ ၀၅ ဂရမ်၊ ဘိန်းဆီမဲ ၇၀၅ ဒသမ ၄၅ ဂရမ်၊ ဘိန်းချေး ၅၅ ဒသမ၂၅ ဂရမ်၊ ဘိန်းစိမ်း ၁၀၈၈ ဒသမ ၃၊ ဆေးခြောက် ခြောက်ဂရမ် ဖမ်းဆီးရရှိခဲ့ သည်ဟု ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
မူးယစ်ဆေးသုံးစွဲမှုများပြားခြင်း၊ ဖမ်းဆီးရရှိမှုတိုးတက်လာခြင်းတို့ကြောင့် ဒေသခံတို့ ပြန်လည် ဖွင့်လှစ် စေလိုသည့် ကုတင် ၈၀ ဆန့်၊ ရွှေပြည်အေး လူငယ်ပြုစုပျိုးထောင်ရေးစခန်းကို ၁၉၈၅ ခုနှစ်တွင် ဖွင့်လှစ် ခဲ့ပြီး စခန်းကို ဘဏ္ဍာရေးမလုံလောက်ခြင်းကြောင့် ၂၀၀၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။
No comments:
Post a Comment