Wednesday, December 18, 2013

မြန်မာစီးပွားရေးသုံးခု အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုလုပ်

ABC

မြန်မာနိုင်ငံက ​စစ်အရာရှိတစ်ဦးနဲ့ ​မြန်မာစီးပွားရေးလုပ်ငန်း ​သုံးခုကို ​အမေရိကန်နိုင်ငံက ​ဒဏ်ခတ်ပိတ်ဆို့မှု ​လုပ်လိုက်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံနဲ့ ​စစ်လက်နက်ရောင်းဝယ်မှု ​မလုပ်ဖို့ ​နိုင်ငံတကာက ​တားမြစ်မှုတွေရှိထားတဲ့ကြားက ​မြန်မာနိုင်ငံက ​ဒုတိယ ​ဗိုလ်မှူးကြီး ​ကျော်ညွန့်ဦးအပါအဝင် ​Asia ​Metal ​Company, ​စိုးမင်းထိုက်ကုမ္ပဏီနဲ့ ​Excellence ​Mineral ​Manufacturing ​ကုမ္ပဏီသုံးခုဟာ ​မြောက်ကိုးရီးယားနိုင်ငံနဲ့ ​လက်နက်ရောင်းဝယ်မှုတွေ ​လုပ်ခဲ့တယ်လို့ ​အမေရိကန်နိုင်ငံက ​ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ​အမေရိကန်နိုင်ငံက ​ကုမ္ပဏီတွေ၊ ​အမေရိကန် ​နိုင်ငံသားတွေအနေနဲ့ ​ခုလို ​အမည်မည်းစာရင်းဝင် ​ပုဂ္ဂိုလ် ​ဒါမှမဟုတ် ​စီးပွားရေးကုမ္ပဏီတွေနဲ့ ​ပူးပေါင်းလုပ်ဆောင်ခွင့် ​တားမြစ်လိုက်တာ ​ဖြစ်ပေမယ့် ​ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ ​မြန်မာအစိုးရကို ​ပစ်မှတ်ထားတာမျိုး ​မဟုတ်ဘူးလို့ ​အမေရိကန်အစိုးရက ​ပြောပါတယ်။

ဒီလက်နက်ရောင်းဝယ်မှုတွေဟာ ​မြောက်ကိုးရီးယားနိုင်ငံရဲ့ ​နျူးကလီးယားအစီအစဉ်ကို ​သက်ဆိုးစေရှည်တယ်လို့ ​အမေရိကန်က ​ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ ​အမည်မည်းစာရင်းမှာ ​ထည့်သွင်းခံရတဲ့ ​ဒုဗိုလ်မှူးကြီး ​ကျော်ညွန့်ဦးဟာ ​မြန်မာကာကွယ်ရေးတပ်ရဲ့ ​အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ​DDI ​ဌာနက ​စစ်အရာရှိတစ်ဦးဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာရဲ့ ​DDI ​ကိုလည်း ​ပြီးခဲ့တဲ့ ​နှစ်ကပဲ ​အမေရိကန်က ​ဒဏ်ခတ်ပိတ်ဆို့မှု ​လုပ်ခဲ့သလို ​DDI ​ဌာနရဲ့ ​အကြီးအကဲ ​ဒုဗိုလ်ချုပ်ကြီး ​သိန်းဌေးကိုလည်း ​ဒဏ်ခတ်ပိတ်ဆို့မှု ​လုပ်ခဲ့ပါတယ်။

စိုးမင်းထိုက်ကုမ္ပဏီကတော့ ​DDI ​အတွက် ​မြောက်ကိုးရီးယားနဲ့ ​ဆက်သွယ်ပေးတာတွေ ​လုပ်ခဲ့သလို ​Excellence ​Mineral ​Manufacturing ​က ​မြောက်ကိုးရီးယားနဲ့အတူ ​အလုပ်လုပ်ပြီး ​မြန်မာ ​နျူးကလီးယားအစီအစဉ်အတွက် ​မြောက်ကိုးရီးယားဆီက ​လိုအပ်တဲ့ ​တွင်းထွက်သတ္ထုတွေ ​ရရှိအောင် ​လုပ်ဆောင်ပေးခဲ့တယ်လို့ ​ဆိုပါတယ်။

Asia ​Metal ​ကုမ္ပဏီကတော့ ​DDI ​စက်ရုံတွေ ​တည်ဆောက်ပေးတာတွေ၊ ​ဆောက်လုပ်ရေးပစ္စည်း ​ပံ့ပိုးတာတွေလုပ်ခဲ့ပြီး ​အဲဒီစက်ရုံမှာ ​မြောက်ကိုးရီးယားနိုင်ငံသား ​အယောက် ​၃၀ ​လောက် ​အလုပ်လုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ​၂၀၁၂ ​ခုနှစ် ​နိုဝင်ဘာလတုန်းကပဲ ​ကုလသမဂ္ဂလုံခြုံရေးကောင်စီက ​ချမှတ်ချက်တွေအတိုင်း ​လိုက်နာပြီး ​မြောက်ကိုးရီးယားနိုင်ငံနဲ့ ​လက်နက်အရောင်းအဝယ် ​မလုပ်တော့ဘူးဆိုတာကို ​လူသိရှင်ကြား ​ပြောဆိုခဲ့ဖူးကြောင်း ​အေအက်ဖ်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: