Tuesday, December 17, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကြရန် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း တိုက်တွန်း

ဖြိုး

ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကြရန် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းက ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် မန္တလေးခရိုင်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် တိုက်တွန်းလိုက်သည်။

“ထိပ်မှာနေရမှ၊ ၀န်ကြီးဖြစ်မှ ငါ ဒီမိုကရေစီလုပ်မယ်ဆိုရင်တော့ သိပ်မဟန်ဘူး။ ဒီမိုကရေစီလမ်းကြောင်း ရောက်အောင် ဘယ်နေရာကဖြစ်ဖြစ်ပါဝင်ပြီး၊ တိုင်းပြည်အတွက် Moveလုပ်ပေးကြပါ။ဒီမိုကရေစီပြောင်း လဲနေတာ ကျွန်တော်တို့အတွက် မဟုတ်ပါဘူး။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်ပါ။ အစိုးရ ဘက်ကလဲ ပြည်သူရွေးချယ်ထားသော အစိုးရဖြစ်လို့ ပြည်သူ့အကျိုး ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူများကလဲ မိမိတို့တတ်စွမ်းသည့်ဘက်က ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်”ဟု ဦးစိုးသိန်းက တိုက်တွန်းသည်။

အလားတူပင် မိမိတို့တာဝန်ယူရသည့် မြို့နယ်ကို တာဝန်ယူ စောင့်ရှောက်ရန် တိုက်တွန်းလိုက်ပြီး ထိုသို့ မလုပ်နိုင်ပါက အလုပ်ထွက်ရန်သာရှိသည်ဟုလည်း ဦးစိုးသိန်းက ဆိုသည်။

“ခင်ဗျားတို့အနေနဲ့ ကိုယ်မြို့နယ်ကို စောင့်ရှောက်ရမယ်ဆိုတဲ့ အိပ်မက်မျိုး ရှိကို ရှိရမယ်။ အဲလို အိပ်မက် ဆိုတာတောင် မရှိရင်တော့ ခင်ဗျား အလုပ်ထွက်ဖို့ပဲရှိတယ်။ ခင်ဗျားမြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ လူမှု ဘ၀တွေကို တိုးတက်အောင် ခင်ဗျား လုပ်ပေးရမယ်။ စဉ်းစားပေးရမယ်။ ဒီတိုင်းနေနေလို့တော့ မရဘူး” ဟု ဦးစိုးသိန်းက ပြောသွားသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးခရိုင် မြို့နယ် ၇ ခုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ တက်ရောက်ခဲ့ကြသည်။

No comments: