ရဲလင်းထွဋ်
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ ဒီဇင်ဘာ၂၁ ရက်မှ ၂၃ ရက် အထိ စတုတ္ထအကြိမ်မြောက် မြန်မာ့အလုပ်အကိုင်ပြပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်အကိုင်ခေါ်ယူလိုသည့် ကုမ္ပဏီ ၆၃ ခု ပါဝင်ပြသခဲ့ပြီး အလုပ်လာ ရောက်လျှောက်ထားသူ ၂၀၀၀၀ ခန့်ရှိသည်ဟု ပြပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးက ပြောသည်။
“ဒီတစ်ခေါက်တော့ တော်တော်အားရပါတယ်။ ပြပွဲလာတဲ့သူတွေကလည်း တကယ်အလုပ်လျှောက်တဲ့ သူတွေပဲ များတယ်။ အခုချိန်ထိတော့ စာရင်းအတိအကျ မသိရသေးပေမယ့် အလုပ်ခေါ်လိုတဲ့သူနဲ့ အ လုပ်လျှောက်တဲ့သူတွေ သဟဇာတဖြစ်ပြီး အလုပ်ရတဲ့သူ ခန့်ဖြစ်တဲ့သူတွေ ပထမ နှစ်ရက်မှာကတည်း က ရှိနေခဲ့တယ်”ဟု ပြောသည်။
အဆိုပါအလုပ်အကိုင်ပြပွဲတွင် ပြည်တွင်းရှိ ၀န်ထမ်းနှင့် လုပ်သားလိုအပ်သော ကုမ္ပဏီများနှင့် အလုပ်လျှောက်ထားလိုသော လုပ်သားများ တိုက်ရိုက်တွေ့ဆုံပြီး တစ်ထိုင်တည်း အင်တာဗျူး၍ လုပ်သားရွေးချယ် ခေါ်ယူနိုင်စေရန် စီစဉ်ဆောင်ရွက်ထားသည်။
မြန်မာနိုင်ငံ၌ ပထမဦးဆုံး အလုပ်အကိုင်ပြပွဲကို ၂၀၁၁ ခုနှစ် မတ်လ ၁၇၊ ၁၈ ရက်များက UMFCCI တွင် ကျင်းပခဲ့ပြီး၊ ၂၀၁၂ ခုနှစ် သြဂုတ်လ၂၄ ရက်မှ ၂၆ ရက်တွင် ဒုတိယအကြိမ်၊ ၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အထိ တတိယအကြိမ်တို့ကို တပ်မတော်ခန်းမတွင် အသီးသီး ပြုလုပ်ခဲ့သည်။
အလုပ်လျှောက်ထားသူနှင့် ပြပွဲသို့ လာရောက်သူများအနေဖြင့် ပထမအကြိမ်က ၁၀,၀၀၀ ကျော်၊ဒုတိယ အကြိမ်တွင် အလုပ်လျှောက်လွှာ ၁၆,၉၇၈ နှင့် လာရောက်သူ ၃၅,၀၀၀ ခန့်ရှိခဲ့ပြီး တတိယအကြိမ်တွင်မူ ၃၀,၀၀၀ ခန့်သာရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ပထမအကြိမ်ပြပွဲတွင် ကုမ္ပဏီ ၄၈ ခုနှင့် CDC ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးတစ်ခုတို့ပါဝင် ခဲ့ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် ကုမ္ပဏီ ၉၀ ပါဝင်ပြသ လုပ်သားခေါ်ယူခဲ့ကြောင်း သိရ သည်။
No comments:
Post a Comment