Friday, December 20, 2013

မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေးလုပ်ရန် မဖြစ်မနေလိုအပ်ဟု အမေရိကန်သံအမတ် ပြောကြား

ဝင်းကိုကိုလတ်

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် တပ်မတော်ကို ပြု ပြင်ပြောင်းလဲရန် မဖြစ်မနေလိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ် ဒီဇင်ဘာ ၁၉ ရက်၌ ရန်ကုန်မြို့တွင် ပြောကြားလိုက်သည်။

ထို့အတူ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ရန်မှာလည်း မြန်မာနိုင်ငံအတွက် “အရေးပါဆုံး သော စိန်ခေါ်မှုတစ်ရပ်” ဖြစ်သည်ဟု မစ္စတာမစ်ချယ်လ်က ဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ၎င်း၏နေအိမ်၌ မြန်မာ့စာနယ်ဇင်းသမားအချို့ကို နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံတွင် တပ်မတော်အား အရပ်သားအစိုးရလက်အောက်၌ ထားရှိထားမှုမရှိခြင်းက အစိုးရစနစ်အ တွင်းရှိ ယင်း၏အခန်းကဏ္ဍနှင့် ဒီမိုကရေစီစနစ်အတွင်း၌ ယင်း၏ပါဝင်မှုအား မေးခွန်းထုတ်စရာ ဖြစ်စေ သည်ဟုလည်း ၎င်းက ဆိုလိုက်သည်။

“ဒါဟာ အဓိက မေးခွန်းတစ်ရပ် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရဲ့ စစ်တပ်လွှမ်းမိုးတဲ့ သမိုင်း ကြောင့်ပါ”ဟု ၎င်းက ဆိုသည်။ “တပ်မတော်က သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အလေးထားတယ် လို့ ပြောပါတယ်။ ပရော်ဖက်ရှင်နယ်ဖြစ်လာဖို့အတွက် အလေးထားတယ်လို့လည်း ပြောပါတယ်။ ဒါဟာ လုံးဝ အားတက်စရာတစ်ခုလို့ ကျွန်တော် ထင်ပါတယ်”ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားသွားခဲ့ သည်။

“ပရော်ဖက်ရှင်နယ်ဖြစ်ခြင်းကို လက်တွေ့ကျင့်သုံးတာ မြင်ရဖို့၊ ပွင့်လင်းမြင်သာမှုတွေ တိုးတက်လာတာ မြင်ရဖို့နဲ့ ဥပဒေထဲမှာ ထည့်သွင်းထားတာကို မြင်ရဖို့အတွက် ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲဆိုတာက တော့ မေးခွန်းတစ်ရပ်ပါ”ဟု ၎င်းက ဆိုသည်။

“လူတိုင်းက သူတို့ကို စောင့်ကြည့်နေတယ်။ ဘာလို့လဲဆိုတော့ အတိတ်တုန်းက သူတို့ဟာ ဒီမိုကရေစီ ကို လမ်းချော်သွားအောင် လုပ်တဲ့သူတို့မို့ပါ”ဟုလည်း ၎င်းက ဆိုသည်။

တပ်မတော်၏အခန်းကဏ္ဍအား ပြန်လည်ပြုပြင်ခြင်းနှင့် ယင်းအားအင်စတီကျူးရှင်းဖြစ်လာစေရန်ဆောင် ရွက်ခြင်းမှာ “လက်ရှိအနေအထားဟာ နောက်ကြောင်းပြန်လှည့်ဖို့အတွက် ခက်ခဲသွားပြီဆိုတာ အမှန် တကယ်ဖြစ်ပါတယ်လို့ လူတိုင်း ယုံကြည်လာဖို့အတွက် အရေးကြီးပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ဗမာလူများစုများနှင့် တိုင်းရင်းသား လူနည်းစုများအကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပတ် သက်၍လည်း အမေရိကန်သံအမတ် မစ်ချယ်လ်က ယင်းမှာ မြန်မာနိုင်ငံသားများကိုယ်တိုင် ဆွေးနွေး ဆုံးဖြတ်ရမည့် ကိစ္စရပ်တစ်ရပ် ဖြစ်သည်ဟု ပြောကြားသွားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် အားရကြောင်း၊ ယင်းတို့မှတစ်ဆင့် နိုင်ငံရေးအရ ဆွေးနွေးပွဲဆီသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားလူနည်းစုတွေအနေနဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေဟာ ဘာတွေလဲဆိုတာကို ရှင်းရှင်းလင်း လင်း ပြောဆိုထားပြီးဖြစ်ပါတယ်။ သူတို့က ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ပြန်ရချင်တယ်။ သူတို့ရဲ့ ပြည်နယ်တွေအတွင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အလားသဏ္ဍာန်တူတဲ့ အနေအထားကို လိုချင်တယ်။ ဒါမှသာ သူတို့ကို ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ နိုင်ငံရေးအရ ဗမာတွေကလွှမ်းမိုးထားတာမဟုတ် ဘူးလို့ ယုံကြည်လာမှာပါ”ဟု မစ္စတာမစ်ချယ်လ်က ဆိုသည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အောင်မြင်လာရန်အတွက် “ဆွေးနွေးမှုများစွာ လိုအပ်တဲ့အပြင် နှစ် ဖက်စလုံးရဲ့ စိုးရိမ်မှုတွေကိုလည်း တော်တော်လေး ဖြေဖျောက်ဖို့ လိုအပ်ပါတယ်။ အင်အားချိန်ခွင်လျှာ ထိန်းညှိဖို့အတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်အချို့ ချမှတ်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ထောက်ပြ သွားခဲ့သည်။

“လက်ရှိအနေအထားတွေက မှန်ကန်တဲ့ အခြေအနေတစ်ရပ်ကို ရှေးရှုနေတယ်ဆိုရင်” ဖက်ဒရယ်စနစ် နှင့်ပတ်သက်၍လည်း ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်သည်ဟု ဆိုသည်။

ထို့အတူ အရေးကြီးဆုံးမှာ ဆွေးနွေးပွဲတစ်ရပ် စတင်ရန်နှင့် ယင်းမှာ ရိုးသားလေးနက် ပွင့်လင်းမြင်သာမှု ရှိပြီး အားလုံး ပါဝင်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ဒီမေးခွန်းအတွက် အဖြေတိတိပပ မရှိခြင်းက မြန်မာနိုင်ငံရဲ့ အဓိကအရေးပါဆုံးသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လို့ပါ”ဟု ၎င်းက ရှင်းပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း၌ ငြိမ်းချမ်း၍ စည်းလုံးမှုရှိသော အခြေအနေတစ်ရပ်ကို နိုင်ငံရေးနည်းလမ်း ဖြင့် မည်သည့်အခါကမျှ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု စောဒကတက်နိုင်သည်ဟုလည်း မစ္စတာမစ်ချယ်လ် က ဆိုသည်။

တိုင်းပြည်စည်းလုံးရေးအား ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းဖြင့် ရှာဖွေခြင်းမှာ စိန်ခေါ်ချက်တစ်ရပ် ဖြစ် ပြီး ယင်းအခြေအနေတစ်ရပ်ရှိမှသာ “အားလုံးဟာ သူတို့ရဲ့အကျိုးစီးပွားတွေကို လေးစားမှုပေးတယ်လို့ခံ စားလာမှာပါ။ ဒါပေမဲ့လည်း သူတို့က ညီညွတ်နေပါမယ်။ မတူကွဲပြား ခြားနားကြပေမယ့်လည်း အားလုံး ဟာ အတူတူလို့ မြင်လာကြမယ်”ဟုလည်း ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံမှ ကူညီနိုင်ရန် စိတ်ဝင်စားသည့်အပြင် “ဒေသတွင်းမှလည်း ကူညီရန်စိတ်ဝင်စားသည်” ဟု မစ္စတာမစ်ချယ်လ်က ဆိုသည်။ “လူတိုင်း က ဒီနိုင်ငံကို အောင်မြင်စေချင်ကြသလို အာရှဖွံ့ဖြိုးရေး အင်ဂျင်တစ်လုံးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်စေချင်ကြပါတယ်”ဟုလည်း သံအမတ်ကြီးက ပြောသည်။

No comments: