Tuesday, December 17, 2013

ပြစ်ဒဏ်ကျခံပြီးပုဒ်မဖြင့်ပင် ဒီငြိမ်းလင်းပါ လေးဦး ထပ်မံတရားစွဲခံရ

ဟိန်းကိုစိုး

ပြီးခဲ့သည့်နှစ်က လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းမှု ကန့်ကွက်ဆန္ဒပြရာတွင် ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်မှု (ပုဒ်မ ၁၈) ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး ဒီဇင်ဘာ ၁၁ ရက်က သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ လေးဦးတို့ကို အဆိုပါအမှုဖြင့်ပင် ထပ်မံရင်ဆိုင်ရန် ဒဂုံမြို့နယ်ရဲစ ခန်းက ဆင့်ခေါ်စာ ပေးပို့ထားသည်ဟု ကာယကံရှင်များက ဒီဇင်ဘာ ၁၅ ရက်တွင် မဇိ္ဈမကို ပြောသည်။

ထပ်မံတရားရင်ဆိုင်ရန် အကြောင်းကြားခံရသူများမှာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌကိုဒီငြိမ်းလင်း၊ Generation Waves မှ ကိုမိုဃ်းသွေး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးစိုးမိုးထွန်းနှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမြင့်ကျော်ဦးတို့ ဖြစ်သည်။

၎င်းတို့သည် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဒဂုံမြို့နယ်များသို့ ဖြတ်သန်း ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် ဒဂုံမြို့နယ်မှအပ အခြားသော မြို့နယ်တရားရုံးများက နိုဝင်ဘာလကုန်ပိုင်းအတွင်း ထောင်ဒဏ် တစ်လကျခံရန် ပြစ်ဒဏ်ချမှတ်ခံရပြီးသူများ ဖြစ်သည်။

ယင်းသို့လုပ်ဆောင်မှုသည် သမ္မတနှင့် လွှတ်တော်တို့ ဖော်ဆောင်နေသည်ဆိုသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စများကို များစွာ ခက်ခဲသွားစေမည်ဟု ကိုမိုဃ်းသွေးက သုံးသပ်သည်။

“သမ္မတပြောတဲ့ ဒီဇင်ဘာအကုန် လွှတ်မယ်ဆိုတာထက် နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲတာတွေကို သက် ဆိုင်ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့နဲ့ ဒီလိုပုဒ်မတွေကို ပလပ်ပေးဖို့လိုလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

တည်ဆဲဥပဒေများအရ ယင်းသို့သော ကိစ္စမျိုးတွင် မြို့နယ်အထက်အဆင့် တရားရုံးက တစ်ပေါင်းတည်း စွဲဆိုဆုံးဖြတ်ချက်ချရန် ပါဝင်ပြီးဖြစ်သဖြင့် အာဏာပိုင်များ၏ ယခုဆောင်ရွက်ချက်သည် မရိုးသားသည့် သဘော ဆောင်နေသည်ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ယာယီဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦး ကြီးမြင့်က မဇ္ဈိမမှတစ်ဆင့် ဝေဖန် ပြောဆိုသည်။

“ဒါက တစ်ပေါင်းတည်းစွဲရမှာ အခုလိုက မဖြစ်သင့်ဘူး။ ပြည်သူတွေအပေါ်မှာ ဒီလိုမျိုးတွေက မလုပ်သင့်ဘူး။ ဒီလို အမှုကို ချန်ပြီးလုပ်တယ်ဆိုတာ တည်ဆဲဥပဒေတွေအပေါ်မှာ အသုံးချတာ မရိုးမသားလုပ်တာ ပဲ”ဟု ပြောသည်။

No comments: