Thursday, December 19, 2013

ဖွဲ့စည်းပုံပြင်ရာတွင် တိုင်းရင်းသားဒေသ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ပြင်ဆင်ရန်အချက်များ အဖြေထွက်ရန် လိုနေသေး

နန်းလွင်နှင်းပွင့်

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တိုင်းရင်းသားဒေသအသီးသီး၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို ပြေ လည်စေမည့်အချက်များနှင့်ပတ်သက်၍ တိတိကျကျ ပြင်ဆင်ရမည့်အချက်များ အဖြေထွက်ရန် လိုအပ် နေသေးသည်ဟု Euro Burma Office ၏ ဒါရိုက်တာ ဦးဟန်ညောင်ဝေက သုံးသပ်ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် စတင်ကျင်းပသော မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ ငါးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးဟန်ညောင်ဝေက “ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အခုက ပြင်မယ်ပြင်မယ်ပဲ။ တစ်ယောက်တစ်ပေါက် ပြော နေကြတာ၊ တိကျစွာ ထွက်လာတာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့ ကန့်သတ်ထားတဲ့ အချက်တွေကို ပြင်မှာလား၊ ဒါမှမဟုတ် လူပြောများနေတဲ့ တပ်မတော်က နိုင်ငံရေးမှာ ၀င်စွက်ဖက်နေ တာတွေကို ပြင်မှာလား၊ တကယ်တော့ အဲဒါတွေက တိုင်းရင်းသားနဲ့ အစိုးရကြား ဖြစ်နေတဲ့ပြဿနာတွေ ပြေလည်ဖို့ အဓိကအချက်တွေ မဟုတ်ဘူး။ ဖြစ်နေတဲ့ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ဘူး။ တကယ်က တိုင်းရင်းသားတွေနဲ့ အစိုးရ၊ ပြည်မနဲ့ ပြည်နယ်ကြားမှာ ဘယ်လိုတွေ ခွဲဝေပြီး နေကြမလဲ၊ အာဏာတွေ ဘယ်လိုခွဲမလဲဆိုတာတွေ ညီမျှရေးက ပိုအရေးကြီးတယ်၊ အဓိကက တိုင်းရင်းသားပြဿနာတွေကို ပြေ လည်ဖို့ ပြင်ရမှာ”ဟု ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရများအကြား ညှိနှိုင်း နေရသည့် အကြောင်းအရင်းများ၏ အခြေခံပြဿနာမှာ လူမျိုးရေးမုန်းတီးခြင်းမဟုတ်ဘဲ တန်းတူညီမှုမရှိ ရေးပေါ်တွင် အခြေခံနေခြင်းသာဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံသည် အချက်တစ်ချက်အဖြစ် မူတည်နေ သည်။

ဖွဲ့စည်းပုံပါ အချက်အလက်များ၊ ဥပဒေများမှာ ပြည်ထောင်စုအသစ် တည်ထောင်သည့်အခါတွင် ပါဝင် သူအားလုံး တန်းတူရရှိစေရေး ပြဋ္ဌာန်းထားသော်လည်း လက်တွေ့အုပ်ချုပ်မှုအနေအထားတွင် ပြည်မမှ ပြည်နယ်များသို့ အဆင့်ဆင့် အုပ်ချုပ်သည့်စနစ် ကျင့်သုံးခဲ့သည့်အခါ တန်းတူညီမျှမှု မရရှိခဲ့သဖြင့် တိုင်း ရင်းသားများနှင့် အစိုးရအကြား ပြဿနာများ နှစ်ရှည် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ယခု ပြန်လည်ညှိနှိုင်း ရေးကာလတွင် တန်းတူညီမျှရေးဖြစ်စေရန် အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရှိနေ ရန် လိုအပ်သည်ဟု အဆိုပါဆွေးနွေးပွဲကို တက်ရောက်လာသူများက ဆိုကြသည်။

လက်ရှိ နိုင်ငံရေးတွင် စစ်ဘက်၊ အရပ်ဘက် ပြဿနာဖြစ်နေသည့် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေး ပါ နေသော တိုင်းရင်းသားအရေးများသည် အဓိက ပြဿနာများဖြစ်နေသည်။ ပြောင်းလဲလာသည့်နိုင်ငံရေး လမ်းကြောင်းတွင် နိုင်ငံရေးသမားများ၊ လူပုဂ္ဂိုလ်အားကောင်းလာသည်များသာရှိပြီး မူဘောင်များ၊ ဥပ ဒေများ အားကောင်းမှုမရှိသေးသည်မှာ စိုးရိမ်စရာ အနေအထားတစ်ရပ်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း ပြောဆိုလိုက်သည်။

နိုင်ငံရေး ၀ါရင့်သမားတစ်ယောက်အနေဖြင့် ဦးကိုကိုကြီးမှ နိုင်ငံတော်အား ပြုပြင်ပြောင်းလဲနေရာတွင် ယခင်ကဲ့သို့ အကြမ်းဖက်မှုများ ကင်းလာပြီး ညင်သာသည့်အပိုင်းသို့ ရောက်လာသည်မှာ အခြေအနေ ကောင်းလာသော်လည်း နိုင်ငံသားများ ဆန္ဒမပါရှိဘဲ တည်တံ့လာခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြောင်းလဲရန်လိုအပ်နေသည့်အတွက် ပြုပြင်ရေးသားသွားရန်မှာ မိမိတို့ နိုင်ငံရေးလမ်းကြောင်းဖြင့် သာ အသင့်လျော်ဆုံးဖြစ်မည်ဟု ဆိုသည်။

ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ ပြည်ပ ရောက်နေသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လည် ၀င်ရောက်ခွင့်ပေးခြင်း၊ မီဒီယာကဏ္ဍအား လွတ်လပ်ခွင့်ပေးလာခြင်း၊ လွှတ်တော်နိုင်ငံရေး ရှိလာခြင်းတို့မှာ ထူးခြားသည့်အချက်များ ဖြစ်လာသော် လည်း နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် သဘောတူညီမှု တစ်စုံတစ်ရာ ပြတ် သားစွာ ထွက်ရှိခဲ့ခြင်းမျိုးမရှိခဲ့ဟု ဦးကိုကိုကြီးက ဆိုသည်။

“ပြောင်းသာပြောင်းလဲနေတာ။ နိုင်ငံရေးအရ သဘောတူညီမှုတစ်ခုလောက် ရပြီလားဆိုတော့ မရသေး ဘူး။ ဆွေးနွေးပွဲတွေကတော့ လုပ်နေတာပဲ။ ဒါပေမဲ့ ဘာမှသဘောတူညီမှုဆိုတာမျိုး ရှေ့ကို မရောက် သေးဘူး၊ ဘာမှ ခိုင်ခိုင်မာမာ မရှိဘူး”ဟု အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစု များ၊ နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။ အစိုးရဘက် မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယခေါင်းဆောင် ဦးအောင် မင်းကို ဖိတ်ကြားထားသော်လည်း တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

No comments: